BREAKING
April 2, 2025

ဇာဒီကျေးရွာ အုပ်စုဘက်သို့ စစ်ကောင်စီတပ်အလုံးအရင်းဖြင့်ဝင်ရောက်၊ ဆက်သွယ်ရေး ဖြတ်တောက်ထား

March 31, 2025

ပုံစာ - ဇာဒီကျေးရွာ အတွင်း စစ်ကောင်စီက မြေတူးစက်ဖြင့် လမ်းပိုင်းဖြတ်တောက်ထားသည့်နေရာတစ်ခု အားတွေ့ရစဥ်(ပုံဟောင်း) ဓာတ်ပုံ - ပေးပို့။

ကံပေါက်ရွာဘက်မှ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားဆယ်စီးထက်မနည်း ယနေ့ (မတ် ၃၁) နံနက်ပိုင်းတွင် ဆင်းသွားကြောင်း ဒေသခံများထံမှသိရသည် ။

ယင်းစစ်ကားများသည် ပယရွာသို့ ဖြတ်သွားသည်ကို ဒေသများက မြင်လိုက်ရသော်လည်း ဇာဒီကျေးရွာအုပ်စုတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် လက်ရှိမည်သည့်နေရာ ရောက်ရှိနေသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံများကဆိုသည်။

“စစ်ကားတွေ အဆင်းပဲရှိတယ်။ တစ်စီးမှပြန်မတက်လာသေးဘူး။ မနက်က စစ်ကား အကြီး ဆယ်စီးကျော်ကျော်လောက် ဇာဒီဘက်ကိုဆင်းတယ်။ နေ့လယ်ဘက်က အငယ်နှစ်စီး ထပ်ဆင်းတယ်”ဟု စစ်ကားများ ဇာဒီဘက်သို့ ဆင်းသွားသည်ကို မျက်မြင်တွေ့လိုက်ရသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။

ဇာဒီကျေးရွာရှိ ဒေသခံများ၏ ဖုန်းနံပါတ် ငါးလုံးထက်မနည်းကို Dawei Watch ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်ပြုလုပ်၍မရသဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းနှင့် ဒေသခံများ၏ အခြေအနေကို အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီတပ်က ဇာဒီကျေးရွာအုပ်စုကို စစ်ကြောင်း မဝင်မီ နှစ်ပတ်ခန့်အလို မတ်လ ၁၈ ရက် ကတည်းက လျှပ်စစ်မီးနှင့် အင်တာနက်ဖြတ်တောက်ထားသည်ဟု ဇာဒီဒေသခံများထံ မှသိရသည် ။

“အင်တာနက်ပြတ်နေတော့ တစ်ခုခုဆိုမသိရဘူး။ ကျွန်မတို့ကတော့ စစ်ကြောင်း ရုတ်တရက်ဝင်လာရင် ပြေးမမီမှာစိုးလို့ ကြိုရှောင်ထားတယ်” ဟု ဇာဒီကျေးရွာအုပ်စု မှ အမျိုးသမီးတစ်ဦး က မတ်လ ၂၀ ရက်တွင် အင်တာနက်ပြတ်တောက်နေမှု အခြေအနေအားမေးမြန်းစဥ် ဖြေကြားခဲ့သည်။

ယခု ဖုန်းလိုင်းများပါ ပြတ်တောက်နေသဖြင့် မေးမြန်း၍မရသေးပေ။

မတ်လ တတိယအပတ်တွင် ဇာဒီကျေးရွာ အုပ်စုရှိ မိုးလုံးတောင်ကြောနှင့် ဆက်စပ်လျက်ရှိသည့် ကံပေါက်ရေကန်တောင် ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်က တောနင်းရှာဖွေခြင်းပြုလုပ်ခဲ့သည့်အပြင် တောင်ထိပ်တွင် လက်နက်ကြီးတပ်ဆင်မှုပြုလုပ်ထားသည်ဟု သတင်းရရှိထားကြောင်း ကံပေါက်တိုက်နယ်တွင် စစ်ဆင်ရေး လုပ်ဆောင်လေ့ရှိသည့် ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

မတ်လ ဒုတိယအပတ်ကလည်း ကံပေါက် ရေကန်တောင်ခြေရှိ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကြောင်း ဝင်ရောက်၍ ငါးရက်ကြာတပ်စွဲကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

ဇာဒီကျေးရွာအုပ်စုသည် စစ်ကောင်စီက ရုရှားနှင့်အတူ အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ နဘုလယ်ဒေသနှင့် မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသအကြား ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသည့် ကျေးရွာအုပ်စု ဖြစ်သည်။