ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်၏ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ အကူအညီပေးသွားရန် ထွက်ခွာလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ ဆေးရုံအဖွဲ့သား ၁၁၈ ဦးနှင့်အတူ ငလျင်ဘေးအကူအညီပေးရေးပစ္စည်း အလေးချိန် တန် ၆၀ ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာကြောင်း၊ ကုတင် ၆၀ ဆံ့ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ ကုသပေးမှုအပြင် အရေးပေါ်ခွဲစိတ်ကုသမှုများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စောင်များ ၊ တာပေါ်လင် ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ ၊ Sleeping bag များ ၊ ဆိုလာမီးအိမ်များ ၊ စားနပ်ရိက္ခာထုပ်များ ၊ မီးဖိုချောင်ပစ္စည်းများ သယ်ဆောင်လာသည့် C-130 လေယာဉ်တစ်စီးကိုလည်း အိန္ဒိယလေတပ်က မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ လေယာဉ်ပေါ်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာကူညီရေးအဖွဲ့များလည်း လိုက်ပါလာသည်။
ငလျင်ဘေးသင့်မြန်မာပြည်သူများကိုအရေးပေါ်ကူညီရန် အိန္ဒိယရေတပ်မှ သင်္ဘောနှစ်စီးကိုလည်း မြန်မာနိုင်ငံသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ငလျင်ဘေးသင့်မြန်မာပြည်သူများကိုကူညီရန် Operation Brahma ဟု အမည်ပေးထားသည့် စီမံချက်ဖြင့် လူသားချင်းစာနာမှု အကူအညီများ ဆက်တိုက်ပေးပို့နေခြင်းဖြစ်သည်။
Source: The Times of India ၊ First Post