BREAKING
April 2, 2025

ဘန်ကောက်တွင် ပြိုကျသောနေရာသို့ ထိုင်းဝန်ကြီးချုပ် ထပ်ရောက်၊ ပိတ်မိနေသော မြန်မာများကို ကယ်ထုတ်ပေးရန် တောင်းဆို

March 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငလျင်‌ကြောင့် ပြိုကျသွားသော အထပ်မြင့်အဆောက်အုံနေရာသို့ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ထပ်ရောက်လာပြီး အပျက်အစီးများအောက် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ပေးရန် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နောက်ဆုံးအချက်အလက်အရ အဆောက်အအုံပြိုကျသောနေရာတွင် မြန်မာအပါအဝင် သေဆုံးသူ ၁၁ ဦးရှိလာပြီး အလုပ်သမား ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အသက်ရှင်ကျန်ရစ်နေသော လက္ခဏာများကိုလည်း စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများကို ဆက်လက်ရှာဖွေကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် ဘန်ကောက်တွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၈ ဦး ရှိလာပြီဖြစ်ပြီး ၃၄ ဦးအထိ ဒဏ်ရာရရှိထားကြောင်း ဖော်ပြသည်။

အဆောက်အုံပြိုကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၇၂ နာရီအချိန်ကျော်လာသည်အထိ မရပ်မနား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အဆောက်အအုံပြိုကျသော နေရာသို့ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ရောက်ရှိလာစဉ် အထဲတွင် ပိတ်မိနေသော မြန်မာအလုပ်သမားများကို ကူညီကယ်ဆယ်ပေးရန်အတွက် မြန်မာအလုပ်သမား ကူညီရေးအသင်းဖြစ်သော WAG အဖွဲ့က ကိုမုန်တိုင်းက ဒူးထောက်တောင်းပန်ခဲ့သည်ကို ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြင့် ဆောင်ရွက်နေဆဲဖြစ်ပြီး နိုင်ငံသားမခွဲခြားပဲ အတတ်နိုင်ဆုံး ကူညီကယ်ဆယ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကလည်း ပြန်လည်ပြောကြားခဲ့သည်။

“အချင်းချင်း အားတင်းထားကြ” ဟု ဝန်ကြီးချုပ်က ပြောဆိုပြီး တောင်းဆိုလာသော ကိုမုန်တိုင်းကိုလည်း ပြန်လည်မထူပေးသည်ကို ဗီဒီယိုမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

Ref: Khaosod English, Thai Enquirer