BREAKING
April 1, 2025

ထားဝယ်ထောင်တွင် ထောင်ဝင်စာပို့ပစ္စည်းများ X-ray စက်ဖြင့် စတင်စစ်ဆေး

March 31, 2025

ထားဝယ်အကျဥ်းထောင်တွင် မိသားစုများက အကျဥ်းသားများထံပို့သည့် ထောင်ဝင်စာပစ္စည်းများကို X-ray (ပုံရိပ်ဖမ်းစက်)ဖြင့် ဖြတ်သန်းစစ်ဆေးပြီးမှသာ ခွင့်ပြုတော့ကြောင်း ထောင်ဝင်စာသွားပို့သည့် အကျဥ်းသား မိသားစုများထံမှသိရသည်။

ပြီးခဲ့သည့် အပတ်တွင် ထောင်ဝန်ထမ်းများအား X-ray စက် အသုံးပြုနည်း သင်တန်းပေးခဲ့ပြီး မတ်လ ၂၈ ရက်မှစကာ စတင်အသုံးပြုရန် စီစဥ်ထားကြောင်း ထားဝယ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကဆိုသည် ။

“သောကြာနေ့(မတ် ၂၈) က စက် စစမ်းတယ်။ အဲဒီနေ့က စက်သုံးရတာ အဆင်မပြေသေးလို့ နားလိုက်ပြီး လူနဲ့ပဲစစ်ဆေးတယ်။ တနင်္လာနေ့(ဒီနေ့) မှာတော့ စက်ကို စသုံးနေပြီ ” ဟု ယနေ့ (မတ် ၃၁) တွင် ထောင်ဝင်စာသွားပို့ခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည် ။

X-ray စက်ဖြင့် စစ်ဆေးသည်ဆိုသော်လည်း စက်အသုံးပြုသည့် ဝန်ထမ်းများ ကျွမ်းကျင်မှု အားနည်းသဖြင့် ကြန့်ကြာမှုရှိသည်ဟု ထောင်ဝင်စာပို့သူများထံကသိရသည် ။

” လူနဲ့ စစ်ရင် ငါးပိထောင်းဘူးတွေဆို ထိုးမွှေပစ်လိုက်တာ ၊ ရွှေပြည်နန်းသနပ်ခါးဘူးတွေဆိုရင်လည်း အောက်ခြေ ဖောက်ပစ်လိုက်တာမျိုးရှိတယ် ။ အခုက စက် နဲ့ဆိုတော့ စစ်တဲ့သူရော ၊ လာပို့တဲ့သူရော စက်ရဲ့အထက်က TV screen မှာ မြင်နေရတယ် ။ စက်နဲ့ စစ်ခံလိုက်ရုံပဲ ။ ဒါပေမဲ့ ဝန်ထမ်းတွေက သုံးကာစဆိုတော့ မကျွမ်းသေးလို့ အကြာကြီးစောင့်ရတာမျိုးရှိတယ် ” ဟု ထောင်ဝင်စာများအား စက်နှင့်စစ်သည်ကို ကိုယ်တိုင်ကြုံရသည့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တစ်ဦးကပြောပြသည် ။

ယင်းကြောင့် X-ray စက်တွင် အစစ်ဆေးခံရန်အတွက် တန်းစီစောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးကို စောင့်ဆိုင်းရကြောင်း ထောင်ဝင်စာပို့သူများထံမှသိရသည် ။

အဆိုပါ X-ray စက်ကို ထောင် အဝင်ပေါက် ဘက်ဘယ်ခြမ်းတွင် ကွန်ကရစ် အဆောက်အအုံငယ်တစ်ခုဆောက်၍ ထားရှိသည်ဟု မျက်မြင်တွေ့ရသူများကဆိုသည် ။

ယင်းအဆောက်အအုံ ဆောက်လုပ်ရာတွင်လည်း အကျဥ်းသားမိသားစုများထံ ပိုက်ဆံ အလှူခံခြင်းရှိခဲ့ကြောင်း အကျဥ်းသားမိသားစုများထံမှသိရသည်။