ပြီးခဲ့တဲ့ သုံးညလုံးလုံး ကျမ အိပ်လို့မရခဲ့ဘူး။ လုံးဝနီးပါးပဲ။ ငလျင်ကလှုပ်တာတွေက တောက်လျှောက်ပဲ ရှိနေခဲ့တယ်။ သိမ့်ခနဲတစ်ချက်လှုပ်လိုက်တိုင်း အိပ်နေရာကနေ ငေါက်ခနဲ ထထိုင်နေမိတော့တယ်။
မအိပ်ရသလို စားလို့လည်း မဝင်ခဲ့ဘူး။ ကျမဟာ အမှန်တကယ်ပဲ အသက်ရှင်နေတာလား၊ သေနေတာလား၊ အိပ်မက်မက်နေတာလား ဆိုတာကိုတောင် ဒီရက်တွေထဲမှာ ဝေဝါးနေခဲ့တာ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အော်ဟစ်ငိုယိုသံတွေ၊ လူနာတင်ကားသံတွေဟာ ရပ်သွားတယ်လို့ကို မရှိခဲ့ဘဲ တစ်ချိန်လုံး ဆူညံနေခဲ့တယ်။
အဲဒီနေ့က နေခင်းပိုင်းအတန်းကို စာသင်ပြီးလို့ ထွက်လာခဲ့တယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လုပ်ကြရမယ့်တာဝန်တွေအကြောင်း လုပ်ဖော်ကိုင်ဖက် တခြားဆရာမနှစ်ယောက်နဲ့ စာသင်ခန်းအရှေ့မှာ ဆွေးနွေးနေကြတုန်းမှာပဲ နားထဲမှာ ကားသံလိုလို၊ လေပြင်းတိုက်သံလိုလို တဝူးဝူးတဝီဝီနဲ့ အသံကြီးကို စပြီး ကြားလိုက်ရတယ်။
ဘာသံပါလိမ့်လို့ စဉ်းစားနေတုန်းမှာပဲ ကျမထိုင်နေတဲ့ ခုံကိုဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရတယ်။ ထိတ်ခနဲ လန့်သွားခဲ့တယ်။ “ငလျင်…ငလျင်လှုပ်တာ” လို့ ပြောရင်း သုံးယောက်စလုံး ကြမ်းပြင်ပေါ်ကို ထိုင်ချမိလိုက်ကြတယ်။ ခေါင်းထဲမှာ မူးမိုက်သွားတယ်။ အဲဒီအချိန်မှာ မြင်သမျှ အရာရာအားလုံးက ယိမ်းထိုးနေပြီ။ ဘာလုပ်ရမလဲ ဘာမှမသိတော့ဘူး။
ဒီကစပြီး ကျမတို့ရဲ့ ငရဲခန်းစတင်တော့တာပါပဲ။ သေခြင်းတရားဟာလည်း ကျမတို့ရဲ့အနားမှာ ဝဲပျံနေတော့တာ။
ဝုန်းခနဲ အသံကိုကြားလိုက်တယ်။ ထိုင်နေလို့တောင်မရတော့ဘူး။ သုံးယောက်စလုံး ဝပ်ပြီးပဲ နေကြရတယ်။ ဘာဆိုဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေ။ ဘာလုပ်ရမလဲဆိုတာကိုလည်း မသိတော့ဘူး။ အဲဒီအချိန်မှာ ကျမတို့ စာသင်ခန်းထဲကို ရောက်နေပြီ။ ဒီအထဲကို ဘယ်လိုဘယ်လို ရွေ့သွားခဲ့တာလဲဆိုတာလည်း မသိလိုက်ဘူး။ ရွတ်နေကြ တရားစာတွေကိုပဲ မျက်စိမှိတ်ပြီး စိတ်ထဲမှာ ရွတ်ဆိုနေလိုက်တယ်။
ကျမလက်ကို ဆရာမတစ်ယောက် လာဆုပ်ကိုင်တာကို ခံစားမိတယ်။ သူကပြောတယ်။ နံရံတွေ အက်နေပြီတဲ့။ သုံးယောက်စလုံး အခန်းထဲက ခုံအောက်ကိုရောက်သွား ကြတယ်။ ကျမအသိစိတ်ထဲမှာရော၊ လက်မှာရော နာကျင်မှုကို သတိထားမိလာတယ်။ ဘေးနားကဆရာမက ကျမလက်ကို ကြောက်လန့်တကြီးနဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလို့ နာကျင်နေတာမှန်း သိလိုက်ရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကိုယ့်အနားမှာ အဖော်တွေ ရှိနေပါလားဆိုတဲ့ အသိနဲ့အတူ အားတွေရှိလာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဗြုန်းဆိုတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ အရှေ့ခန်းဆီက ထွက်လာတာ။
ကျမသေရတော့မှာလေလားလို့ ခံစားလိုက်မိလိုက်တယ်။ အရှေ့ခန်းမှာ ကျောင်းသူ၊ ကျောင်းသားတွေ ရှိနေသေးတဘ်ဆိုတဲ့အသိကြောင့်လည်း ကျမတစ်ကိုယ်လုံး ရှိန်းဖိန်းသွားတယ်။ သူတို့လေးတွေ ထိခိုက်မိသွားပြီလားဆိုတဲ့ စိတ်ဟာ ကျမကို ဆောက်တည်ရာမရ ဖြစ်သွားစေပါတယ်။ ရမ်းခါနေတဲ့ နံရံကြီးကို ကျမ မြင်နေရတယ်။ ကျမ တစ်ခုခုအော်ပြောလိုက်ချင်ပေမဲ့ ပါးစပ်က ဘာစကားသံမှ ထွက်မလာနိုင်ခဲ့ဘူး။
ရွာမှာ စစ်ပွဲတွေဖြစ်လို့၊ စစ်ကြောင်းထိုးလို့ ကျမတို့ ဒရောသောပါး ပြေးခဲ့ဖူးတယ်။ ရွာပေါ်ကနေ လေယာဉ်ပျံတွေ တဝေါဝေါပျံခဲ့ဖူးတယ်။ လက်နက်ကြီးကျည်တွေ ကျခဲ့ဖူးလို့ အိမ်တွေပြိုပျက်၊ လူတွေနွားတွေ သေခဲ့ဖူးတယ်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ကျမတို့ရွာပတ်ဝန်းကျင်မှာ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ကြောက်တာက အဲဒီဟာတွေထက် ပိုနေတယ်။ ထိတ်လန့်တုန်လှုပ်နေတယ်။
ဆရာမတစ်ယောက်ကပြောလာတယ်။ ထွက်ပြေးကြရအောင်တဲ့။ ကျမ ခေါင်ညိတ်ပြလိုက်တယ်။ တစ်၊ နှစ်၊ သုံးလို့ ရေပြီးပြီဆိုရင် ထပြေးကြမယ်တဲ့။ သူကပဲ ရေလိုက်တယ်။ သုံးဆိုတာနဲ့ သုံးယောက်စလုံး ထပြေးခဲ့ကြတယ်။ ပြေးနေရင်း တစ်ဖက်အခန်းမှာ ရှိနေတဲ့ နောက်ထပ်ဆရာမတစ်ယောက်ကိုလည်း ထွက်လာခဲ့ဖို့ အော်ခဲ့ကြတယ်။ အပြင်ဘက်ကိုရောက်တော့ ကလေးတွေနဲ့ ဆုံရတယ်။ ကလေးတွေက “ဆရာမတို့ အဆင်ပြေလား၊ ဘာဖြစ်သွားသေးလဲ”တဲ့။ သူတို့အမေးကို ပြန်မဖြေနိုင်ဘဲ “မင်းတို့ ဘာဖြစ်သွားသေးလဲ” လို့ ပြန်မေးနေမိတယ်။ သူတို့ပြေးထွက်လာနိုင်ခဲ့လို့ လွတ်ခဲ့တယ်ဆိုတဲ့အသိကြောင့် ခဏစိတ်အေးသွားရတယ်။
ကျမတို့ လမ်းပေါ်အထိ ပြေးခဲ့ကြတယ်။ ကျောင်းဆောင်ထဲမှာကျန်နေသေးတဲ့သူတွေကိုလည်း ထွက်လာခဲ့ဖို့ အော်ကြတယ်။ မတ်လရဲ့ မန္တလေးနေပူကျဲကျဲ ကွန်ကရစ်လမ်းပေါ်မှာ ဖိနပ်မပါဘဲ ရပ်နေကြပေမဲ့ နေအပူကို ကျမ မခံစားရဘူး။ အထဲကထွက်လာသူတွေကိုတွဲခေါ်နေရင်း စောစောကကြားခဲ့တဲ့ တဝူးဝူးတဝီတီ အသံဆိုးကြီးကို နောက်တစ်ကြိမ်ထပ်ကြားရပြန်တယ်။ ဒီတစ်ခါတော့ ကျမသိလိုက်ပြီ။ ဒီအသံရဲ့နောက်မှာ ဘာလာတော့မယ်ဆိုတာကိုပေါ့။ ချက်ချင်းပဲ ကလေးတွေကို ဖက်ပြီး ထိုင်ချလိုက်တယ်။ နောက်ကနေ ဆောင့်ဆွဲလိုက်သလိုမျိုး၊ တွန်းလိုက်သလိုမျိုး ဖြစ်ပြီး ကျမတို့ခန္ဓာကိုယ်တွေ ယိမ်းထိုးနေခဲ့ကြပြန်ပြီ။
ငလျင်လှုပ်တာတွေကို အရင်ကလည်း ကြုံဖူးပေမဲ့ ဒီတစ်ခါမှာ ကျမသတိထားမိတာက မလှုပ်ခင်မှာ နားလည်ရခက်တဲ့ အသံကြီးကို ကြိုပြီးကြားနေရတာပါပဲ။ ငယ်ငယ်က လူကြီးတွေပြောလေ့ရှိတဲ့ တော်လဲသံ ဆိုတာ ဒါကိုပြောတာလား။
ဓာတ်တိုင်တစ်တိုင်က ကျမတို့နဲ့ မလှမ်းမကမ်းမှာ။ လဲပြိုကျလာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အဲဒီဓာတ်တိုင်ကိုပဲ ကြည့်နေခဲ့တယ်။ ကျမတို့ကျောင်းဆောင်ကတော့ တစ်ထပ်မို့ မပြိုခဲ့ဘူး။
ရပ်ကွက်ထဲက တခြားသူတွေလည်း လမ်းပေါ်ကို ပြေးထွက်လာနေကြတယ်။ ရေချိုးရင်းတန်းလန်း ပြေးခဲ့ကြသူတွေရာ၊ ကလေးလေးကို ပွေ့ပိုက်ပြေးလာသူရော၊ ဒယိမ်းဒယိုင်နဲ့ လဲကျသွားတဲ့သူတွေရော၊ အော်ငိုနေတဲ့အသံတွေရော၊ တစ်လမ်းလုံးဟာ ကမ္ဘာပျက်နေခဲ့တယ်။ တချို့တွေက ပြေးမိပြေးရာ ပြေးနေကြတယ်။
နေ့လယ် နှစ်နာရီ၊ နေကကျဲကျဲတောက်ပူနေတာပဲ။ ဒါပေမဲ့ နွေနေပူပူဟာ ဒီလူတွေရဲ့ ရင်ထဲက မီးလောက် မပူနေဘူးဆိုတာ သေချာပါတယ်။ အဲဒီအပူထဲမှာ အချိန်ဘယ်လောက်ကြာသွားလဲ ကျမ မသိတော့ဘူး။ စိတ်ထဲမှာတော့ ဒီအချိန်ကြီးက ကြာရှည်လွန်းပြီး မပြီးနိုင်တော့ဘူးလားလို့ ထင်နေမိတယ်။ ဒီလိုနဲ့ ငြိမ်သွားပြန်တယ်။ ဒီတော့မှ ဖိနပ်တွေယူစီးကြ၊ လူကြီးတွေကို ရေခပ်တိုက်ကြ၊ ဖိနပ်ပါမလာဘဲ ပြေးလာသူတွေကို ကျောင်းမှာရှိတဲ့ ဖိနပ်တွေ ယူပေးစီးခိုင်းကြ။ အကိုင်းအခက်ကျိုးကျဲကျဲ ပိတောက်ပင်ပုလေးအောက်မှာ လူတစ်စုဟာ အရိပ်ကိုလည်း မသိသလို အပူကိုလည်း မခံစားမိကြဘဲ အချင်းချင်း ဘာမှမဖြစ်တော့ဘူးလို့ ပြန်အားပေးနေမိကြတယ်။
တခြားနေရာတွေမှာ ဘာတွေဖြစ်သွားလဲ သိလိုစိတ်တွေနဲ့ ဖုန်းတွေဆက်ဖို့ ကြိုးစားကြတယ်။ ဘယ်ကိုမှ ဆက်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေ အကုန်ပျက်သွားပြီ။ မီးသတ်ကားသံတွေ၊ လူနာတင်ကားသံတွေ ဆူညံလာခဲ့တယ်။ ကျမတို့နဲ့ သိပ်မဝေးတဲ့နေရာမှာ မီးသတ်ကားတွေ ရပ်နေတာ၊ လူတွေ စုရုံးနေတာတွေ လှမ်းမြင်ရတော့ မီးလောင်တာလားဆိုတဲ့ စိုးရိမ်စိတ်ဝင်လာရပြန်ရော။ ခဏနေတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းကြားရတယ်။ မီးလောင်တာမဟုတ်ဘဲ သုံးထပ်တိုက်တစ်လုံးဟာ ပထမထပ်မြေကျွံသွားပြီး တိုက်ပြိုကျလို့တဲ့။ အဲဒီထဲ ပိတ်မိနေတဲ့သူတွေ ကယ်ထုတ်ဖို့ ကြိုးစားနေကြတာတွေကို လှမ်းမြင်နေရတယ်။ ဘာတွေဖြစ်နေပြီလဲ။ ဖုန်းတွေကလည်း သုံးမရ။ လှုပ်တာတွေကလည်း မရပ်သွားသေးဘူး။ တစ်ချက်တစ်ချက် ဆောင့်ဆွဲလိုက်သလိုမျိုး ယိမ်းထိုးတုန်ခါနေတုန်းပဲ။
ကျောင်းသားမိဘတချို့လည်း ရောက်လာကြတယ်။ ကလေးတွေ အိမ်ကနေ ထွက်သွားကြတာ ကျောင်းကို ရောက်လာသလားဆိုပြီး မေးကြတယ်။ သူတို့ကလေးတွေရဲ့ အတန်းချိန်က ညနေမှ။ သူတို့တွေ ကျောင်းကို ရောက်မလာခဲ့ကြဘူး။ သူတို့လေးတွေ ဘယ်မှာဘာဖြစ်နေမလဲ တွေးပူရပြန်ရော။
လူနာတင်ကားသံနဲ့ မီးသတ်ကားသံတွေကို ဆက်တိုက်ကြားနေရတယ်။ ဘယ်ကိုမှ ဖုန်းဆက်လို့မရ၊ ဘာသတင်းမှလည်း မသိရတဲ့အချိန်မှာ ဆရာမတစ်ယောက်ရဲ့ဖုန်းက အသံမြည်လာခဲ့တယ်။ ရန်ကုန်ကတပည့်မလေးက လိုင်းပေါ်ကနေ မန္တလေးသတင်းတွေတွေ့လို့ဆိုပြီး အခြေအနေကို လှမ်းမေးတာတဲ့။ အဲဒီကျမှ ကျမတို့မန္တလေးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့ ပြန်မေးရတယ်။ ကျုံးကြီးပြိုသွားတယ်၊ ဘုရားကြီးမုခ်ဦးပြိုကျတယ်ဆိုတာတွေနဲ့ သတင်းတချို့ကို ကျမတို့ သိလိုက်ရတယ်။ အစကတော့ ကျမတို့နေရာကလေးမှာပဲ ဖြစ်နေတယ် ထင်ခဲ့တာ။ သတင်းတွေကြားရတော့မှ တကယ့်ကို ကြီးမားတဲ့ငလျင်ကြီးဖြစ်တယ်ဆိုတာကို သိလိုက်ရတာ။ စစ်ကိုင်းဘက်က ပိုဆိုးတယ်ဆိုတဲ့ သတင်းကိုကြားရပြန်တော့ ကျမအိမ်အတွက် စိတ်ပူသွားပြန်တယ်။ စစ်ကိုင်းဟာ ကျမဇာတိနဲ့ သိပ်မဝေးဘူး။
ကျမ အိမ်ကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ မရခဲ့ဘူး။ တိုက်တွေပြိုတယ် လူတွေပိတ်မိကုန်တယ် စတဲ့ သတင်းဆိုးတွေက အဲဒီအချိန်ကစလို့ မရပ်တော့ဘူး။ မျက်စိရှေ့မှာမြင်နေရတဲ့ ယိုင်နေတဲ့တိုက်တွေကိုကြည့်ရင်း ဆိုးရွားတဲ့အခြေအနေထဲမှာ ရှိနေတဲ့ ကျမကို မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက စိတ်ပူနေတော့မှာပါပဲ။ ဒီအခြေနေက ကျမကို တော်တော်ပဲ ပင်ပန်းစေပါတယ်။ ကျမ ဘေးအန္တရာယ်ကင်းကြောင်း၊ အသက်ရှင်နေကြောင်း ပြောပြချင်တဲ့ ခံစားချက်ရော သူတို့တွေ အဆင်ပြေကြရဲ့ လားဆိုတာ သိချင်နေတဲ့ ခံစားချက်ရော ရောထွေးနေပြီး ဘာမှလုပ်လို့မရတဲ့ အခြေအနေမျိုးမှာ စိတ်သောကတွေနဲ့ လောင်မြိုက်နေခဲ့ရတယ်။ ဒါဟာ အရှင်လတ်လတ်ကျခံနေရတဲ့ လူ့ငရဲဖြစ်မယ်။
ညမိုးချုပ်တော့ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြန်ရလာခဲ့တယ်။ မိသားစုနဲ့ မိတ်ဆွေတွေဆီကို အဆက်အသွယ်လုပ်နိုင်ခဲ့တယ်။ ကျမတို့ အသက်ရှင်နေသေးတယ်ဆိုပေမဲ့ ငရဲခန်းကတော့ မပြီးဆုံးသွားခဲ့ပါဘူး။ ဆိုးရွားလွန်းလှတဲ့ သတင်းတွေ၊ မြင်ကွင်းတွေဟာ ကျမရဲ့ ဖုန်းထဲမှာ အပြည့်ဖြစ်နေခဲ့တယ်။ အပြိုအပျက်တွေ၊ အော်ဟစ်သံတွေ၊ အလောင်းတွေ၊ ကူကယ်ရာမဲ့ လူတွေ၊ ဆေးရုံနဲ့မဆံ့ဖြစ်နေတဲ့ လူနာတွေ၊ မသင်္ဂြိုဟ်နိုင်လောက်အောင်များပြားလှတဲ့ အလောင်းတွေ။ အဲဒီညက ကျမတို့ ကွင်းပြင်မှာပဲ ထိုင်ရင်း၊ ထိတ်လန့်ရင်းပဲ မိုးလင်းခဲ့ကြတယ်။ လှုပ်နေတာကလည်း တစ်ညလုံးလိုလိုပဲ။ လူနာတင်ကားသံတွေ၊ မီးသတ်ကားသံတွေနဲ့ လူတွေရဲ့ ရုတ်ရုတ်သဲသဲအသံတွေကိုလည်း တစ်ချိန်လုံးကြားနေခဲ့တယ်။
အမာ