BREAKING
April 2, 2025

ဆေးရုံပိတ်ခံထားရသည်ကို မသိဘဲလာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်ကားပေါ် ကလေးမွေး

March 31, 2025

ထားဝယ်တွင် ပုဂ္ဂလိကဆေးရုံအချို့ ပိတ်ခံထားရချိန် ရက်ချိန်းလာပြသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ယနေ့(မတ် ၃၁ ) နံနက်စောစောတွင် အရေးပေါ်ကားပေါ် ၌ ကလေးမွေးဖွားလိုက်ရကြောင်း ရင်ခုန်သံ သွေးနှင့်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှသိရသည်။

အဆိုပါ အမျိုးသမီးမှာ မယ်ဒီလန်းဆေးရုံတွင် ကိုယ်ဝန်ပြရန်အတွက် ထားဝယ်သို့ ရောက်လာခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှသိရသည်။

ထားဝယ်သို့ ရောက်လာချိန် မယ်ဒီလန်းဆေးရုံမှာ အပိတ်ခံထားရသည့်အတွက် အခြားဆေးရုံတစ်ရုံကို ပြောင်းပြရန် အိမ်ရှေ့ပြင် ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်လိုက်ရသည်ဟု ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောဆိုချက်အရသိရသည်ဟု အထက်ပါအသင်းတာဝန်ရှိသူကပြောသည်။

သို့ သော် ယနေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဗိုက်နာလာသည့်အတွက် ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ချိန် အရေးပေါ်ကားပေါ် ၌ ကလေးထွက်လာသည့်အတွက် ရင်ခုန်သံ အရေးပေါ် အဖွဲ့ ၏ စေတနာဝန်ထမ်းများက ကနဦးပြုစုပြီး ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ရကြောင်း ရင်ခုန်သံအဖွဲ့ တာဝန်ရှိသူ ဦးတင်ဝင်းက ပြောသည်။

“ထားဝယ်မြို့ပတ်လမ်း ထောက်ပို့တပ်ရင်းရှေ့ ရောက်နေချိန်မှာပဲ ကလေးက ထွက်လာတယ်။ ဆေးရုံ မရောက်ခင်ပေါ့”ဟု ဦးတင်ဝင်းကပြောသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ရေဖြူ မြို့နယ် နဘုလယ်ဒေသ၊ ဘဝါကျေးရွာဇာတိဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် ထားဝယ်မြို့ ရှိ ပုဂ္ဂလိက ဆေးရုံသုံးရုံ ဖြစ်သော မယ်ဒီလန်း ဆေးရုံ၊အေး ဆေးရုံ၊ဆာဒိုဝါး ဆေးရုံ များကို မတ်လ ၁ ရက် နေ့ကစပြီး ဆေးကုသခွင့် ပိတ်ထားသည့်အတွက် ထားဝယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျန်ပုဂ္ဂလိကဆေးရုံနှစ်ရုံတွင် ပုံမှန်ထက်လူနာများပြားနေကြောင်းသိရသည်။