မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ ရိက္ခာလာပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။
တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၄ စီးပါ ယာဉ်တန်းကို မတ်လ ၂၉ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရမ်းဖိုကျေးရွာတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။
အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ခမရ ၅၅၆ တပ်ရင်း ၊အမှတ် ၃၀၆ အမြောက်တပ်နှင့် ခမရ ၅၅၇ တပ်များကို ရိက္ခာလာဖြည့်သည့် ကားများဖြစ်ကြောင်း အသက် ၄၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
”ဘိတ်က တက်လာတုန်းကတော့ ကား ၇ စီးဖြစ်တယ်။ ဇဝဲတပ်ထဲမှာ ၃ စီးကျန်ခဲ့တယ်။ ကျွန်တော်တို့နားရောက်ဆို ကားက ၄ စီးပဲကျန်တယ်။ အဲဒီလေးစီးကို အပြန်မှာလည်း ချလွှတ်လိုက်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီကား၄စီးသည် တနင်္သာရီမြို့နယ်ရှိ တပ်များကို ရိက္ခာပို့ပြီးအပြန် နံနက် ၁၀နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်များက ပထမအကြိမ်တိုက်ခိုက်သည့်နေရာတွင်ပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဥ်တန်း ကို ရမ်းဖိုရွာရှိ ကမ်းပါးအနီးတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန်(၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။
အထက်ပါတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ် ဘက်ကမူ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲမဖြစ်မီကလည်း ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ က လမ်းကင်းများ ချထားသလို အဆိုပါစစ်ကောင်စီတပ်နှင့် အမှတ် ၃၀၆ အမြောက်တပ်က လက်နက်ကြီး ၁၀ ချက်ကျော်ပစ်ပြီးမှ တိုက်ခိုက်ခံရသည့် ယာဉ်တန်းမောင်းလာခြင်းဖြစ်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ရဲဘော်တစ်ဦးက ဆိုသည်။
“အစောကြီး ဇဝဲတပ်ကနေ အင်အား၄၀လောက်နဲ့ လမ်းကင်းလာယူထားကြတယ်။ ရောက်လာတာနဲ့ တိုက်ပွဲမဖြစ်သေးဘူး။ကားတွေလာမှ တိုက်ပွဲဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ရမ်းဖိုရွာတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသဖြင့် ဒေသခံများမှာ ရွာလုံးကျွတ်စစ်ရှောင်နေရကြောင်း သိရသည်။