မန္တလေးမြို့ ဂရိတ်ဝေါ(လ်) ဟိုတယ်အဆောက်အအုံတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ယနေ့ မတ်လ ၃၁ ရက်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း လေးလောင်းလည်း တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများကိုတွေ့ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ ဟိုတယ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်း ဖြစ်သည်။
မန္တလေး Sky Villa ကွန်ဒိုတွင်လည်း အမျိုးသမီးနှစ်ဦးကို ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းလည်း တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။





အဆိုပါကွန်ဒိုတို့တွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်သည်။
Eleven Media Group ၏ သတင်းတစ်ရပ်တွင်မူ Sky Villa ကွန်ဒိုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။
ပြည်ပက လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွင် ပါသည့်စက်ဖြင့် ရှာဖွေရာ အသက်ရှင်ကျန်သူ မရှိတော့ဟု သုံးသပ်သဖြင့် ယင်းသို့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအခြေနေနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ အတည်ပြုချက်ကို ကိုးကားက ဖော်ပြထားခြင်းဖြစ်သည်။