BREAKING
April 2, 2025

အလှူလုပ်ရန် ဆန် ၄ အိတ်ဝယ်လာသည့် ဘန်းလမွတ်ဒေသခံကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

March 31, 2025

ပုံစာ - ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်အားတွေ့ရစဉ်(ပုံဟောင်း)

အလှူလုပ်ရန် မြိတ်မြို့မှ ဆန်အိတ်များဝယ်ပြီး သယ်ဆောင်လာသည့် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးကို PDF ထောက်ပို့ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြိတ်မြို့မှ ပြန်လာသည့် ကား(ကုန်ပါတင်သည့် ကားအသေး) ပေါ်တွင် ဆန် ၄ အိတ်တင်ဆောင်လာစဉ် ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခံခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသက် ၂၉ နှစ်ဝန်းကျင်အရွယ် ကိုနိုင်လင်းသည် ဇဝဲကျေးရွာဘုရားပွဲတွင် အလှူလုပ်ရန် ဆန်အိတ်အပါအဝင် ပစ္စည်းဝယ်ပြီးအပြန်တွင် ဆန် ၄ အိတ်ပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆန်အိတ် ၄ အိတ်ပါလို့ မင်းလားကွ ထောက်ပို့ဆိုပြီး မြိတ်ကနေအလာမှာ ကားရော၊ လူရော ဖမ်းလိုက်တ။ ပြီးတော့ စစ်ကြောရေးကို ပို့လိုက်တာလို့ သိရတယ်” ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

လက်ရှိတွင် ကိုနိုင်လင်းကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွင် ဖမ်းဆီးထားပြီး စစ်ကြောရေးတွင် ထောက်ပို့ဟုဝန်ခံသည်အထိ နှိပ်စက်ခဲ့သဖြင့် နောက်ဆုံးတွင်ဝန်ခံခဲ့ရသည်ဟုသိရကြောင်း ဖြစ်စဉ်ကို သိသည့် ဘန်းလမွတ်ရွာခံတစ်ဦးကဆိုသည်။

သို့သော် ယင်းပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မြိတ်မြို့နယ်အတွင်းရှိ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် တနင်္သာရီမြို့နယ်ဘက်သွားမည့် ကုန်ကားများကို ဆက်တိုက်ဖမ်းဆီးနေသည်။

မတ်လ ၇ ရက်နေ့ကမြိတ်ဘက်မှ တနင်္သာရီမြို့နယ်မော်တုန်းရွာဘက်သို့ ကုန်ပစ္စည်းပို့ဆောင်နေသည့် ကုန်ကားတစ်စီးနှင့် အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့သလို မတ်လ ၂၇ ရက်နေ့ကလည်း ပဝရွာဘက်သို့ပို့မည့် ကုန်ပစ္စည်းများတင်လာသည်ဟုဆိုကာ ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦး၊၃၉ နှစ်အရွယ်ကုန်ကားမောင်းသူနှင့် ၃၆ နှစ်ဝန်းကျင်အရွယ် ကားနောက်လိုက်ကို ဖမ်းဆီးခဲ့သည်။