အင်အားအလွန်ပြင်းထန်သည့် ငလျင်၏ ဗဟိုချက်ဖြစ်ခဲ့ပြီး ပျက်စီးထိခိုက်မှု အလွန်များပြားသည့် စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မလေးရှားနိုင်ငံကအဖွဲ့ ရောက်ရှိနေကြောင်း အဆိုပါအဖွဲ့က ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့စေလွှတ်ထားသည့်အနက် ပထဆုံးရောက်ရှိလာသည့် MAS-01 အဖွဲ့ စစ်ကိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာငလျင်ဘေးကို ကူညီကယ်ဆယ်ရန် မလေးရှားနိုင်ငံက အဖွဲ့ ၁၀ဦးပါဝင်သည့် အဖွဲ့နှင့် အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ထားခြင်းဖြစ်သည်။
စစ်ကိုင်းမြို့တွင် ပျောက်ဆုံးနေသူများစွာရှိနေသေးပြီး ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်သေးသည့် နေရာများစွာရှိနေသေးကြောင်း စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကူညီရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ရက် ညနေပိုင်းတွင် Dawei Watch သို့ ပြောဆိုထားသည်။









စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်နေရာ မတ်လ ၃၀ ရက်အထိ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၄၁ဦးရှိလာပြီး သေဆုံးသူ ၉၄ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာ့ငလျင်ဘေးကို ကူညီရန် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေသည်။