မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ခေါ်ကာ အရေးပေါ်အစည်းအဝေးကို မနေ့(မတ် ၃၀) က ပြုလုပ်ခဲ့သည်။
အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့သော အရေးပေါ် အစည်းအဝေးကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်အတူ အာဆီယံနိုင်ငံအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများအားလုံး တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဒဏ်သင့် ဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။
ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံထဲ ထိခိုက်သေဆုံးခဲ့သော မိသားစုဝင်များနှင့်အတူ ဝမ်းနည်းပူဆွေးရကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa တို့သည် ငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး လာမည့် ဧပြီလ ၅ ရက်နေ့တွင် မြန်မာပြည်သို့လာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဆီယံနိုင်ငံများက ဘေးဒုက္ခထိခိုက်ခံစားနေရသူများကို အရေးပေါ် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး စစ်ကောင်စီဘက်က လုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးရမည်ဟု ထုတ်ပြန်ထားသည်။
လူသားချင်စာနာမှု အကူအညီပေးအပ်နိုင်ရေးအတွက်လည်း စစ်ကောင်စီဘက်က အဆင်သင့်လက်ခံပေးမှုကို ကြိုဆိုကြောင်း ဖော်ပြသည်။
အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်က လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံက အကူအညီပေးမည့် ထောက်ပံ့ရေးပစ္စည်းများကို စုစည်းစီမံခန့်ခွဲရန်နှင့် ငလျင်ဒဏ်သင့်ဒေသများတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် AHA Center မှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အာဆီယံနိုင်ငံများထဲမှ စင်္ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့က အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကို စေလွှတ်ထားပြီးဖြစ်ပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း စေလွှတ်ရန် ပြင်ဆင်နေကြောင်း ဖော်ပြသည်။