မြိတ်ခရိုင်၊ပုလောမြို့ရှိ ရဲစခန်းအပါအဝင် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ ထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၉ ရက်ညနေ ၃ နာရီတွင် ပုလောမြို့၊အမှတ် ၁ တံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ဗွီဒီယိုရုပ်သံနှင့် တကွထုတ်ပြန်ထားသည်။
ဗုံးမှာ စစ်ဆေးရေးဂိတ် ဘန်ကာအတွင်း ကျခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဒုတိယဗုံးမှာ ရဲစခန်းရှေ့ရပ်ထားသည့် ကားနှစ်စီးအကြား ကျရောက်ခဲ့ပြီး ဗုံးအားနည်းချက်ကြောင့် ပေါက်ကွဲခြင်းမရှိခဲဟုဆိုသည်။
ဆက်လက်ပြီး တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“အမှတ် ၁ တံတားနဲ့ ရဲစခန်းနှစ်နေရာ ဒရုန်းနဲ့ချခံရတယ်။ အထိအခိုက်ရှိတယ်လို့ကြားတယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိရဘူး။ ဘယ်သူမှလည်း သွားမစပ်စုရဲဘူး”ဟု ပုလောဒေသခံ အမျိုးသား ကပြောသည်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ စစ်ကောင်စီဂိတ်စခန်းများကို ယခင်ကလည်း အကြိမ်ပေါင်းများစွါ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ဒရုန်းဖြင့်တန်ပြန် တိုက်ခိုက်ခြင်းများရှိသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ဒရုန်းဖြင့်တိုက်ခိုက်ခြင်းခံရပြီး နောက်တစ်ရက် မတ်လ ၃၀ ရက်နံနက်နှင့် ညနေတွင် စစ်ကောင်စီတပ်က မင်းထိန်ရွာနှင့်သင်္ကန်းတောရွာတို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မင်းထိန်ရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ တစ်နှစ်ခွဲအရွယ် သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီက ပုလောနှင့်တနင်္သာရီမြို့နယ်အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲပြီးနောက်
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲခပ်စိပ်စိပ် ဖြစ်ပေါ်လာနေသည်။