BREAKING
January 11, 2025

ကင်းမွန်လှေအများစု ရာသီသိမ်းစော၊ အချို့အရှုံးပေါ်ဟုဆို

March 31, 2022

မြိတ်ခရိုင်အတွင်း လုပ်ကိုင်နေကြသည့် ကင်းမွန်ငါးဖမ်းလှေအများစုမှာ မတ်လကုန်တွင် ရာသီ သိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ပုံမှန်အားဖြင့် ကင်းမွန်ငါးဖမ်းလှေများသည် ဧပြီလကုန် သင်္ကြန်ပြီးချိန်အထိ လုပ်ကိုင်ကြပြီး ယခုနှစ်တွင် စောပြီး သိမ်းလိုက်ကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“(မြိတ်က) လှေတွေက ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ဝင်လာကြပြီ” ဟု ကင်းမွန်လှေများနှင့် အချိတ်အဆက်ရှိသည့် မြိတ်မြို့က ကင်းမွန်ဝယ်ရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်က ကင်းမွန်လှေအများစုမှာ စောစီးစွာရပ်နားလိုက်ကြသော်လည်း ပင်လယ်ရွာများဖက်က လှေများနှင့် ကင်းမွန်ဝိုင်းချုပ်လှေကြီးများအနေဖြင့် လက်ရှိအချိန်တွင် ရပ်နားခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

ယခုနှစ်တွင် ယမန်နှစ်ကထက် ကန်မွန်ဈေးကောင်းရခဲ့သော်လည်း ကင်းမွန် ရရှိမှုနည်းခြင်း၊ စက်သုံးဆီနှင့် စားစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် စောစီးစွာရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း လှေရှင်တို့က ဆိုသည်။

“ဒီနှစ်က ခါတိုင်းနှစ်လို မကျန်ဘူး။ တချို့ဆို တော်တော်အရှုံးပေါ်ကြတယ်” ဟု မြိတ်မြို့နေ ကင်းမွန်လှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကန်မွန်ဈေးမှာ ယမန်နှစ်ကထက် ဈေးပိုရကြောင်း လှေရှင်များနှင့် ကန်းမွန် ဝယ်ရောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

ယခင်နှစ်က ကင်းမွန်ကီလို နှစ်ဆယ်ပါဆိုဒ် တစ်၊ နှစ်၊ သုံး တစ်ဘန်းပေါက်ဈေး တစ်သိန်း သုံးသောင်းခန့်သာ ရှိခဲ့ကြောင်း လှေရှင်တို့က ဆိုသည်။

သို့သော် ယခုနှစ်တွင် တစ်ဗန်း တစ်သိန်းခြောက်သောင်း၊ တစ်သိန်းခုနှစ်သောင်းဝန်းကျင်ထိ ရောင်းဝယ်ဖြစ်နေကြောင်း ရောင်းဝယ်ကိုယ်စားလှယ်များထံမှ သိရသည်။

အလားတူ ကင်းမွန်ဆိုဒ်ငယ်များသည်လည်း ယမန်နှစ်က တစ်ဗန်း ခြောက်သောင်းကျပ် အမြင့်ဆုံးဈေး ရခဲ့ရာမှ လက်ရှိတွင် ကျပ်ရှစ်သောင်းမှ ကိုးသောင်းအထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်မြို့ဖက်မှ ကင်းမွန်များကို ဝယ်ယူပြီး တနင်္သာရီ၊ မောတောင်လမ်းနှင် ထားဝယ်ထီးခီးလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချကြသလို ကော့သောင်းဖက်မှ ကင်းမွန်များကိုလည်း ကဲ့လှေဖြင့် တင်ကာ ရနောင်းမြို့သို့ တိုက်ရိုက်ရောင်းချကြသည်။

ကင်းမွန်များကို နိုဝင်ဘာလမှစတင်ကာ ဧပြီလအထိနှစ်ဟစဉ် ပုံမှန် ဖမ်းဆီးလေ့ရှိကြပြီး လျှပ်စစ်မီးထွန်းကာ ညအချိန် ပင်လယ်ပြင်တွင် ဖမ်းဆီးကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိကြောင်း မြိတ်ခရိုင် ကင်းမွန် ငါးဖမ်းလှေလုပ်ငန်းရှင်များအသင်းမှ သိရှိရပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် ပိုမိုများပြားကြောင်း ယင်းအသင်း၏ တာဝန်ရှိသူက ပြောသည်။