BREAKING
January 31, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

January 31, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ

ဆိုမာလီယာမှာ မိုးခေါင်ရေရှားလို့ သုံးနှစ်အတွင်း လူ ၇၀,၀၀၀ ကျော် သေဆုံး

ဆိုမာလီယာနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားခဲ့ရလို့ သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိပြီလို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNCEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ဆိုမာလီယာကျန်းမာရေး ဝန်ကြီးဌာနတို့ပါဝင်တဲ့ ကော်မရှင်ရဲ့ လေ့လာချက်ကနေ ထုတ်ပြန်လိုက်တာပါ။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သေဆုံးသူတွေဖြစ်ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းက အသက် ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဆိုမာလီယာနိုင်ငံမှာ ၅ နှစ် ဆက်တိုက် မိုးခေါင်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ လူတွေ ပိုများလာနေပြီး ဒေသတွေမှာလည်း ကောက်ပဲ သီးနှံ မဖြစ်ထွန်းတဲ့ အတွက် အငတ်ဘေးနဲ့ပါ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

Ref: UNICEF

………………………………..

တောင်ကိုရီးယား သမ္မတကို အစိုးရရှေ့နေတွေ တရားဝင် စွဲချက်တင်

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ ဖမ်းဆီးခံထားရတဲ့ သမ္မတယွန်းဆွတ်ယိုးကို ဆူပူအုံကြွမှုမှာ အဓိကဦးဆောင်သူအနေနဲ့ အစိုးရရှေ့နေတွေ ဇန်နဝါရီလ ၂၆ ရက်နေ့က တရားဝင် စွဲချက်တင်လိုက်ပါတယ်။

သူ့ကို သမ္မတတာဝန်ကနေ ဆိုင်းငံ့ထားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာကို ဆက်လက် ထိန်းသိမ်းထားဖို့လည်း တရားရုံးက အမိန့်ထုတ်ထားတာပါ။

အစိုးရရှေ့နေတွေကနေ စွဲချက်တင်လိုက်တာကြောင့် ဆိုးလ်မှာ ထိန်းသိမ်းထားတဲ့ သမ္မတအနေနဲ့ နောက်ထပ် ၆ လလောက် ဆက်လက်ထိန်းသိမ်းခံရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး နာရီပိုင်းအကြာ လွှတ်တော်က အမိန့်ကို ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

ပါလက်စတိုင်း ၅ သိန်းကျော် ဂါဇာမြို့ထဲ နေရပ်ပြန်

ဟာမတ်စ်တွေနဲ့ စစ်ပွဲစဖြစ်ကတည်းက ပိတ်ထားခဲ့တဲ့ ဂါဇာမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ခွင့်ပေးလိုက်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေစပြီး ပါလက်စတိုင်း ၅ သိန်းကျော်က ဂါဇာမြို့ထဲ ပြန်လာနေကြပါတယ်။

စစ်ပွဲနဲ့ လေကြောင်းဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့တဲ့ ဂါဇာမြို့ထဲကို အများစုက ခြေလျင်လျှောက်လာနေကြတာပါ။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်ကြား ဖမ်းဆီးထားတဲ့သူတွေကို အချင်းချင်း ပြန်လွှတ်ပေးနေကြပါတယ်။

စစ်ပွဲဖြစ်ချိန် အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းနေ ပြည်သူတွေကို ဘေးလွတ်ရာရှောင်ဖို့ အမိန့်ထုတ်ခဲ့လို့ ဂါဇာမြို့ခံ သိန်းနဲ့ချီ တောင်ပိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

အစ္စရေး-ဟာမတ်စ် တတိယအကြိမ် အကျဉ်းသားလဲ

အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ဖမ်းဆီးထားတဲ့ဓါးစာခံတွေနဲ့ အကျဉ်းသားတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့က တတိယအကြိမ် လဲလှယ်ခဲ့ကြပါတယ်။

ဒီအထဲမှာ ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦး စုစုပေါင်း ၈ ဦး အစ္စရေးဘက်ကို ပြန်လွတ်မြောက်လာခဲ့တာပါ။

အစ္စရေးဘက်ကလည်း ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၁၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဒုတိယအကြိမ် အကျဉ်းသားလဲလှယ်တုန်းက ဟာမတ်စ်ဘက်က ဂါဇာမှာ ဖမ်းထားတဲ့ ဓါးစာခံ ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်က အကျဉ်းသား ၃၀၀ ဦးကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Ref: Khaosod

………………………………..

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့လို့ Google ကနေ ပြောင်းလဲမယ်

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့လို့ Google မြေပုံမှာ ပြောင်းလဲတော့မယ်လို့ Google ဘက်ကနေ ကြေညာလိုက်ပါတယ်။

ဒါကြောင့် အမေရိကန်က Google သုံးစွဲသူတွေကတော့ အမေရိကန်ပင်လယ်ကွေ့လို့ မြင်တွေ့ရတော့မှာပါ။

ဒါပေမယ့်လည်း မက္ကဆီကိုဘက်မှာတော့ မက္ကဆီကိုပင်လယ်ကွေ့လို့သာ သုံးမှာဖြစ်လို့ ပုံမှန်ပဲ မြင်ရမယ်လို့ဆိုပါတယ်။

အခြားနိုင်ငံတွေကတော့ Google မြေပုံတွေမှာ ပုံမှန်နာမည်ကိုပဲ တွေ့ရမယ်လို့ ထုတ်ပြန်ပါတယ်။

ကမ်းရိုးတန်း ဒေသခံတွေကတော့ အခုလို နာမည်ပြောင်းတာကို လက်မခံကြပဲ မက္ကဆီကိုသမ္မတကလည်း မပြောင်းပေးဖို့ တိုက်တွန်းထားပါတယ်။

Ref: BBC

………………………………..

အမေရိကန်တွင် ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိလို့ လူ ၆၇ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီနားက ရော်နယ်ရေဂင်လေဆိပ်အနီး ခရီးသည်တင်လေယာဉ်နဲ့ စစ်တပ်ရဟတ်ယာဉ်တို့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညက တိုက်မိခဲ့ပါတယ်။

မတော်တဆမှုကြောင့် လေယာဉ်ပေါ်နဲ့ ရဟတ်ယာဉ်ပေါ်ပါလာသူ ၆၇ ဦးစလုံး သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။

မြစ်ထဲပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ ကျော်နဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာတာပါ။

လေ့ကျင့်ရေးစစ်တပ်ရဟတ်ယာဉ်ပေါ်မှာတော့ စစ်သည် ၄ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။

ခရီးသည်တင်လေယာဉ်က လေယာဉ်အဆင်းမှာ လေ့ကျင့်ရေးလုပ်နေတဲ့ စစ်ရဟတ်ယာဉ်က တိုက်မိခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

ဆီးရီးယား တော်လှန်ရေးခေါင်းဆောင်ကို ကြားကာလသမ္မတ ခန့်

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ အာဆတ်ကို ဖြုတ်ချရာမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်ကို ကြားကာလသမ္မတအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

အာဆတ်အစိုးရကိုဖြုတ်ချပြီးနောက် နိုင်ငံကိုအုပ်ချုပ်နေတဲ့ HTS အဖွဲ့ရဲ့ ခေါင်းဆောင် Ahmad Al-Sharaa ကို ဆီးရီးယားအစိုးရသစ် တည်ဆောက်ဖို့ သမ္မတအဖြစ် ခန့်အပ်လိုက်တာပါ။

အခုခန့်အပ်လိုက်တဲ့သူက အမေရိကန်အစိုးရကနေ ဖမ်းမိန့်ထုတ်ခဲ့ဖူးသူဖြစ်ပြီး နောက်ပိုင်း အာဆတ်အစိုးရကို ဖြုတ်ချပြီးချိန်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ကြားကာလသမ္မတက အစိုးရအကူးအပြောင်းကာလမှာ ယာယီဥပဒေကောင်စီအဖွဲ့ကို ဖွဲ့စည်းရဖို့ ရှိနေပါတယ်။

Ref: CNN

………………………………..

၅ နှစ်အတွင်း အိန္ဒိယနဲ့ တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲဖို့ ပြန်လည်သဘောတူ

အိန္ဒိယနဲ့ တရုတ်နိုင်ငံဟာ ၅ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ သဘောတူညီလိုက်ကြပါတယ်။

၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ခဲ့တာပါ။

နောက်ပိုင်းမှာ နှစ်နိုင်ငံ နယ်စပ် တိုက်ပွဲနဲ့ အငြင်းအခုံတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ သဘောတူညီကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ယခင်ကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်ဟာ တစ်လကို ၅၀၀ နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

Ref: CNN

………………………………..