ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ရှိ ရေနက်ဆိပ်ကမ်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသွားသည့် မူးဒူးရွာသားနှစ်ဦး ရှစ်ရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၄ရက်တွင် ရေဖြူမြို့နယ်၊ ထားဝယ် ရေနက်ဆိပ်ကမ်းအနီးရှိ မူးဒူးရွာကို ဝင်ရောက်ခဲ့ပြီး အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၁၂နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦးနှင့် အသက် ၅၀အရွယ် ဦးစိုးအောင်တို့ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
၎င်းတို့နှစ်ဦးသည် ကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကလေးတစ်ယောက်ပါနေတော့ စိတ်ပူနေရတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်။ စစ်ကြောင်းက လောင်းလုံးဘက် သွားတယ်လို့တော့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၂၁ရက်တွင် ရေလမ်းမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ဇန်နဝါရီလ ၂၄ရက်တွင် မူးဒူးရွာရှိ နေအိမ်များကို ရှာဖွေမွှေနှောက်ကာ အသုံးဆောင် ပစ္စည်းများကိုလည်း ယူဆောင် သွားကြောင်း ဒေသခံများက ပြောဆိုသည်။
“ဟိုအိမ်က ပစ္စည်း ဒီ(အိမ်)ရွှေ့ ၊ ဒီအိမ်က ပစ္စည်း ဟို(အိမ်)ရွှေ့ ၊ တစ်အိမ်နဲ့တစ်အိမ် ရန်ဖြစ်အောင်လည်း လုပ်ခဲ့တယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။
ယင်းအပြင် မူးဒူးရွာသို့ စစ်ကြောင်းဝင်စဉ် ပြည်သူကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော်သုံးဦး သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံခဲ့ရသည်။