BREAKING
January 31, 2025

ထိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့သဖြင့် အမဲသား အစိမ်းမစားကြရန်သတိပေး

January 31, 2025

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့ရှိထားသဖြင့် အမဲသားကို အစိမ်းမစားကြရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

အီစန်ဒေသက ခေါင်ကယ်ခရိုင်ရှိ နွားများတွင် ယခုလ အစောပိုင်းကစ၍ ခွေးရူးပြန်ရောဂါပိုးကို တွေ့ရှိလာရသဖြင့် အမဲသား အစိမ်းများကို မစားကြရန် သတိပေးထားခြင်းဖြစ်သည်။

ရောဂါပိုးကို ကာကွယ်ထိန်းချုပ်နိုင်ရန် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အမဲသားကိုအစိမ်းမစားဘဲ ချက်ပြုတ် စားသောက်ကြရန် ထုတ်ပြန်ထားသည်။ ချက်ပြုတ်စားသောက်ပါက အန္တရာယ်မရှိကြောင်း ဖော်ပြသည်။

ခွေးရူးတစ်ကောင်က သားသတ်ရန် ကြိုးချည်ထားသည့် နွားကို ဝင်ကိုက်ခဲ့ပြီး အဆိုပါနွား၏ အသားကို ပြည်သူများက စားသောက်ခြင်း၊ အဆိုပါခွေးကိုက်ရာမှ အခြားတိရစ္ဆာန်များကို ကူးစက်မှုတို့မှတစ်ဆင့် ခွေးရူးပြန်ရောဂါပိုး ပြန့်နှံ့သွားကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။

ထို့ကြောင့် နယ်မြေခံကျန်းမာရေးဌာနများက ရောဂါပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမဲသား အစိမ်းစားသုံးမှုကို ရှောင်ရှားကြရန် အကြံပေးခဲ့ကြောင်း ဖော်ပြသည်။

အထူးသဖြင့် အမဲသားများကို တရားဝင် လိုင်စင်ရဆိုင်များမှသာ ဝယ်ယူစားသုံးကြရန်လည်း တိုက်တွန်းထားသည်။

အဆိုပါခွေးရူးသည် ဇန်နဝါရီလ ၂၃ရက်က သေဆုံးခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးသုတေသနစင်တာသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှ ခွေးရူးပြန်ပိုးရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ခွေးရူးပြန်ပိုးတွေ့ရှိသော နေရာနှင့် ၃ ကီလိုမီတာအကွာကို ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးဇုန်အဖြစ် ယာယီသတ်မှတ်ခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် နယ်မြေခံဆေးရုံနှင့် ကျန်းမာရေးအဖွဲ့များက ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေးဇုန်ထဲသို့ သွားရောက်ခဲ့ပြီး ပြည်သူများ ရောဂါအခြေအနေနှင့်ပတ်သက်၍ ပညာပေးခဲ့ပြီး သေဆုံးသွားသော တိရစ္ဆာန်များနှင့် ထိတွေ့ခဲ့သူများကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးပေးခဲ့ကြောင်း ဖော်ပြသည်။

ခွေးရူး အကိုက်ခံရသူ သုံးဦး၊ ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးဇုန်ထဲက အန္တရာယ်ရှိနိုင်သည့် လူ၂၇၆ ဦးကို ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးထိုးပေးခဲ့သည့်အပြင် တိရစ္ဆာန်များကိုလည်း စစ်ဆေးပေးကာ အကောင် ၃၇၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: The Nation Thailand, Thairath, Matichon Online