မောင်းမကန် ရွာတွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ဆောင် ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီ ခန့်တွင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက မောင်းမကန် ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကဆိုသည်။
ယင်းနောက် ဆယ်မိနစ်ခန့်အကြာ မောင်းမကန် ရဲစခန်းက လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာတွင် မောင်းမကန် ကျေးရွာ ၆ ရပ်ကွက်အတွင်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးမှ နေအိမ်ကို ကျည်စထိမှန်ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ရွာထဲ တစ်လုံးကျတယ်။ လူထိခိုက်မှုကတော့ မရှိဘူး”ဟု ၎င်းဒေသခံက ပြောသည်။
မောင်းမကန် ရဲစခန်းကို လာရောက်ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့ ကိုမူမသိ ရသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ ညကလည်း လောင်း လုံးမြို့နယ်ရှိ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်း ဦးဆောင်သည့်တော်လှန်ရေး ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ ပြီး နှစ်ဖက် အပြန်လှန် ပစ်ခတ်မှုဖြစ်ခဲ့သည်။
ယင်းပစ်ခတ်မှု ဖြစ်စဉ်တွင် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကဘူကျေး ရွာရှိ နေအိမ်အချို့ နှင့် ကမြောကြီးကျေး ရွာရှိ ဘုန်းကြီးကျောင်း လက်နက်ကြီး ကျည် ထိမှန်ခဲ့သည်။