ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ ၁၇၀ ခန့်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နံနက် ၇ နာရီခွဲခန့်က ထိုးဖားဖမ်းစစ်ဆေးရေးဂိတ်တွင် ၂ တွဲပါ ကုန်တင်ကားကို စစ်ဆေးရာမှ ကားပေါ်လိုက် ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကုန်တင်ကားပေါ်တွင် မြန်မာများ ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၆၉ ဦးနှင့် ကားသမား နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသတို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် စန်ခရာဘူရီမှတစ်ဆင့် ကန်ချနဘူရီမြို့သို့ ပို့ဆောင်ရန် လမ်းမကြီးအတိုင်း မောင်းနှင်လာခြင်းဖြစ်ပြီး ပို့ဆောင်ခ အဖြစ် မြန်မာတစ်ဦးစီအတွက် ဘတ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်ဟု ဖော်ပြသည်။
ကားသမားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၁၆၉ ဦးကို ထိုးဖားဖမ်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီးလျှင် နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်ကလည်း နယ်စပ်ခရိုင်များဖြစ်သော ကန်ချနဘူရီခရိုင်နှင့် တာခ့်ခရိုင်များသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံရသေးသည်။
လက်ရှိတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးခံရမှုများကို နှိမ်နင်းနိုင်ရေး ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး ဖမ်ဆီးခံရမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
Ref: Kanchanaburi News, Khaosod