BREAKING
January 2, 2025

လောင်းလုံးတွင် စစ်ရေးတင်းမာ‌နေချိန် ဘုန်းကြီးအားထွက်ရှာသည့် ရွာသားငါးဦးဖမ်းဆီးခံရ

December 30, 2024

ပုံစာ - အောက်ကျောက်ဝပ်ရွာ (ပုံဟောင်း)

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေချိန် စစ်ရှောင်နေရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားသည့် ဘုန်းကြီးအား လိုက်လံရှာဖွေသော ရွာသားငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ရွာကျောင်းထိုင်ဘုန်းကြီးနှင့် အဆက်အသွယ်မရသဖြင့် အောက်ကျောက်ဝပ်ရွာသားငါးဦးသည် ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းတွင် ထွက်ရှာရာမှ အောက်ကျောက်ဝပ်ရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဦးထွန်းရွှေ၊ ဦးဂျပန်၊ ကိုသားသား၊ ဦးကျော်စိုး၊ ကိုခင်မောင်မျိုးတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့က အခြေအနေကြည့်ပြီး ရွာထဲသွားရာကနေ ကိုယ်ရောင်ဖျောက်နေတဲ့ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဒီဇင်ဘာလ ၂၉ရက် ညနေပိုင်းတွင်လည်း စစ်ဘေးရှောင်နေသည့်နေရာမှ ကျေးရွာအတွင်းသို့ သွားသည့် အောက်ကျောက်ဝပ်ရွာသူ၊ ရွာသားတစ်ဆယ်ကျော်မှာလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည့်အတွက် စိုးရိမ်‌နေရ‌ ကြောင်း ဒေသခံများက ပြောဆိုသည်။

“သတင်းကတော့ အမျိုးမျိုးထွက်နေတယ်။ အဆက်အသွယ် မရတော့တာက သေချာတယ်။ ဒါပေမဲ့ အဖမ်းခံရတာလား၊ မခံရတာလားဆိုတာကတော့ သေချာမသိရသေးဘူး” ဟု ရွာသားတစ်ဦးက ဆိုသည်။

ကျောက်နီမော်ရွာတွင် ဒီဇင်ဘာလ ၂၃ရက်မှ ၂၆ ရက်အထိ လေးရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ကျောက်နီမော်ရွာအနီးရှိ ကျေးရွာများဖြစ်သည့် ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ္တပ် စသည့် ကျေးရွာများကို ယနေ့ ညနေပိုင်းအထိ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကြောင့် ဒေသခံအများစု စစ်ဘေးရှောင်နေကြရသည်မှာ ရှစ်ရက်အထိရှိလာပြီ ဖြစ်သည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မီးနေသည်နှင့် သက်ကြီးရွယ်အိုများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောင်မှု လိုအပ်နေသည့်အပြင် စားရိက္ခာများ လိုအပ်ချက်မြင့်မားနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ ညနေပိုင်းအထိ အောက်ကျောက်ဝပ်နှင့် ကျောက်မတ္တပ်ရွာအနီးနားတစ်ဝိုက်တွင် တိတ်တဆိတ် လှုပ်ရှားနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။