ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးတွင် ကျင်းပပြုလုပ်နေသည့် ၃၃ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ယခုနှစ် ရိုးရာဝါးလက်မှုသင်္ကေတရုပ်အဖြစ် ကရင့်အမျိုးသားအလံကြီးကို ပြုလုပ်ထားကြောင်း ဖန်တီးပြုလုပ်ထားသူများထံက သိရသည်။
အဆိုပါအလံကြီးကို ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဒီဇိုင်းနှင့်အချိုးအစား ရေးဆွဲ၍ ဝါးလက်မှုပညာရှင်ဦးစောထွန်းခလုံနှင့် တောင်ကလေးဒေသခံများ စုပေါင်းကာ ဒီဇင်ဘာလ ၈ ရက်မှ ၂၆ ရက်အထိ ၁၉ ရက်တာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က တောင်ကလေး နှစ်သစ်ကူးကွင်းတွင် ဝါးလက်မှုဖြင့်ပြုလုပ်ထားသည့် ကရင်အမျိုးသားအလံကြီးကို နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ဖွင့်ပွဲပြုလုပ်ခဲ့သည်။
ယင်းအလံကြီ ၏ အမြင့်သည် ၅၂ ပေ ၊ အလျား ၇၄ ပေ ရှိပြီး ဝါး၊ သံ ၊ ပလပ်စတစ်ကြိုး ၊ သင်္ကန်းအဟောင်း များဖြင့် ပေါင်းစပ်ပြုလုပ်ထားကာ ရေဆေး၊ သင်္ဘောဆေး နှင့် ထုံးတို့ဖြင့် အရောင်ချသထားခြင်းဖြစ်ကြောင်း ဖန်တီးပြုလုပ်သူတို့ထံမှ သိရသည်။
တောင်ကလေးဆရာတော်၏ သြဝါဒဖြင့် နှစ်သစ်ကူးပွဲတွင် ဝါးလက်မှုအရုပ်များကို ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဆိုသည် ။
“ကျွန်တော့်တစ်ယောက်တည်းခံယူချက်အရ ပြောရရင် ဒီ ကရင်အမျိုးသား အလံ ဝါးလက်မှုအရုပ်ကြီးက မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ ကရင်အမျိုးသားအားလုံးဟာ အလံတော်တစ်ခုရဲ့ အရိပ်အောက်မှာ ရှိကြတယ်ဆိုတဲ့ သင်္ကေတပဲ လို့ မြင်တယ် “ ဟု စောထွန်းလင်းက ပြောသည်။








ယခု ၂၀၂၄ ခုနှစ်အတွင်း၌ပင် ကရင်နှစ်သစ်ကူးနေ့ နှစ်ကြိမ်ကျရောက်ခြင်းသည်လည်း ထူးခြားချက်ဖြစ်ကြောင်း ပွဲစီစဥ်သူများက ဆိုသည် ။
၂၀၁၅ ခုနှစ်တွင် ကရင်မုဆိုးရုပ်၊ ၂၀၁၆ ခုနှစ်တွင် ကရင်မုဆိုးနှင့် အမဲလိုက်ခွေးအရုပ်၊ ၂၀၁၉ တွင် ဆင်နှင့်လယ်သမားရုပ်၊ ၂၀၂၃ ခုနှစ်တွင် ချိုးငှက်ရုပ် ၊ ၂၀၂၄ ဇန်နဝါရီလက ပြုလုပ်သည့် နှစ်သစ်ကူးပွဲ တွင် ကျွဲချို နှင့် ဖားစည်ရုပ် စသည့် ရိုးရာဝါးလက်မှုသင်္ကေတ အရုပ်များပြုလုပ်ခဲ့ဖူးသည်။
တောင်ကလေးနှစ်သစ်ကူးပွဲတော်တွင် ရိုးရာဒုံးအကပြိုင်ပွဲ၊ လက်ဝှေ့ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဖျော်ဖြေရေး၊ ကောက်သစ်စားပွဲနှင့် ဝါးလက်မှုသင်္ကေတအရုပ်တို့ကို ထည့်သွင်းကျင်းပနေကြောင်း ပွဲစီစဥ်သူများထံမှ သိရသည်။