ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်သို့ သယ်ဆောင်မည့် စက်သုံးဆီနှင့် စားသောက်ကုန်များကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးပြီး သယ်ယူခွင့်မပြုကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။
အကြောင်းပြချက် တိတိကျကျမပြောဘဲ ဒီဇင်ဘာလ ၂၈ ရက်ကတည်းက ယင်းကဲ့သို့ ပစ္စည်းသယ်ယူခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ကားသမားများက ပြောသည်။
လောင်းလုံးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဝယ်ထားတဲ့ ပစ္စည်းတွေတောင် သယ်မရဘဲ (ထားဝယ်) မြို့ထဲမှာ သောင်တင်နေတာ နှစ်ရက်ရှိနေပြီ” ဟု ပြောဆိုသည်။
စက်သုံးဆီ၊ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်မှစပြီး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က သယ်ယူခွင့်မပြုတော့ကြောင်း ကုန်တင်ကားသမားတစ်ဦးက ဆိုသည်။
“အရင်တုန်းကတော့ ပိုက်ဆံပေးပြီး သယ်လို့ရသေးတယ်။ အခုက ပေးကမ်းပြီးတောင် သယ်မရတော့ဘူး” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ပိတ်ဆို့လိုက်သဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် စက်သုံးဆီနှင့် စားသောက်ကုန် ဝယ်ယူစုဆောင်းသူ များပြားနေပြီး ကုန်ပစ္စည်းအချို့ ပြတ်လပ်သည့်အထိ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ရွာမှာ စက်သုံးဆီတွေ ဝယ်ရခက်နေတယ်” ဟု မင်းရပ်ကျေးရွာသားတစ်ဦးက ဆိုသည်။
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ရက်အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
တိုက်ပွဲအတွင်း လေကြောင်းက ဗုံးကြဲခြင်း၊ ရေတပ်က လက်နက်ကြီးပစ်ကူပေးခြင်းတို့ဖြင့် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက် ညတွင်မူ ကျောက်နီမော်စခန်းသို့ စစ်ကောင်စီတပ် စစ်ကူများရောက်ရှိလာပြီး ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ကျောက်နီမော်ကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကလည်း ကျောက်နီမော်ကျေးရွာအောက်ဘက်ရှိ ကျေးရွာများထံ စက်သုံးဆီနှင့် ရိက္ခာသယ်ခွင့် မရအောင် ပိတ်ဆို့ထားပြီး အနီးအနား ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေသည့် ကျောက်နီမော်တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး စာနပ်ရိက္ခာ၊ စောင်နှင့် ဆေးဝါးကုသမှုများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။