ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ဒီဇင်ဘာလ တတိယပတ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် ဇာဒီကျေးရွာအုပ်စုရှိ လမ်းပိုင်းနှစ်နေရာတွင် မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၂၉ ရက်တွင် ဇာဒီရွာနှင့် ခေါင်ပြန်ရွာအကြားရှိ လယ်ကွင်းတစ်နေရာတွင် မိုင်းပေါက်ကွဲပြီး နွားတစ်ကောင် သေဆုံးခဲ့ကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ဇာဒီတံတားကြီးအနီးလမ်းပိုင်းတွင် မိုင်းပေါက်ကွဲကြောင်း ၎င်းတို့က ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှစ်ခုစလုံးတွင် စစ်ကောင်စီတပ် စစ်ကြောင်းပြန်မထွက်မီ လမ်းပိုင်းကို ဖြတ်တောက် ဖျက်ဆီးခဲ့သည့် နေရာများဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၉ ရက်က မိုင်းဖြစ်စဉ်မှာ နွားတစ်ကောင် မိုင်းနင်းမိခြင်းဖြစ်ပြီး ယနေ့ နံနက်က ပေါက်ကွဲသည့် မိုင်းဖြစ်စဉ်တွင် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ကျေးရွာအတွင်း ရွာသားများ ပြန်လည်ဝင်ရောက် မနေထိုင်ရဲကြသေးသဖြင့် မိုင်းပေါက်ကွဲမှုများတွင် လူထိခိုက်မှု မရှိခဲ့ကြောင်း ဇာဒီရွာသားများထံမှ သိရသည်။
“အခုလို မိုင်းပေါက်တာမျိုးတွေ ဖြစ်နေတော့ ရွာထဲကို ဘယ်သူမှ ဝင်မရဲကြတော့ဘူး။ ထောင်ထားတဲ့အဖွဲ့ကိုယ်တိုင်ပဲ ရပ်ရွာကို ငဲ့ညှာပြီး မိုင်းတွေ ပြန်ရှင်းပေးစေချင်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
စစ်ကြောင်းထွက်သွားသည့် ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ယနေ့အထိ ဇာဒီရွာတွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး၊ အင်တာနက် ပြတ်တောက်နေဆဲဖြစ်ကြောင်း ဒေသခံများထံ သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၆ရက်က လမ်းပိုင်းဖြတ်တောက်ခံထားရသည့် ဆယ်အိမ်စုနှင့် တောင်ရင်းအင်းရွာအကြား လမ်းဖျက်ဆီးခံထားရသည့် နေရာတွင်လည်း မိုင်းများထောင်ထားသည်ဟု သတင်းထွက်နေသဖြင့် ဒေသခံများ ဖြတ်သန်း မသွားလာရဲကြကြောင်း တောင်ရင်းအင်းရွာသားတစ်ဦးက ပြောသည်။
တောင်ရင်းအင်း – ဆယ်အိမ်စုလမ်းပိုင်းသည် ကံပေါက်တိုက်နယ်နှင့် ပြည်ထောင်စုကားလမ်းမကို ဆက်သွယ်နိုင်သည့် ကျေးရွာချင်းဆက် လမ်းပိုင်းတစ်ခုဖြစ်သလို ဇာဒီ-ခေါင်ပြန်လမ်းပိုင်းသည်လည်း ကံပေါက်တိုက်နယ်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်ထားသည် လမ်းပိုင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ကံပေါက်တိုက်နယ်တွင် လမ်းပိုင်းဖြတ်တောက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။
ယခု ဒီဇင်ဘာလတွင် ရေကန်တောင်စခန်း တိုက်ခိုက်ခံရပြီးနောက် လမ်းပိုင်းဖြတ်တောက်မှုအပြင် လမ်းပိုင်း၌ မိုင်းထောင်ခြင်းများပါ ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။
ပုံစာ – ယခုနှစ် ဧပြီလက ဇာဒီ-ခေါင်ပြန်လမ်းကို စစ်ကောင်စီက ကျင်းတူး၍ ဖျက်ဆီးထားသည်ကို မြင်တွေ့ရစဥ် ။
ဓာတ်ပုံ – ပေးပို့