BREAKING
February 23, 2025

တနင်္သာရီတွင် CDM စစ်သားတစ်ဦးက အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့်

December 30, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၁၅ နှစ်အရွယ် ၇ တန်းကျောင်းသူကို CDM စစ်သားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ) က ယနေ့ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ ရက်ညက ၇ တန်းကျောင်းသူနေအိမ်တွင် မောင်နှမများနှင့်အတူ အိပ်ပျော်နေစဉ် CDM စစ်သားက ‌ကျောင်းသူအိပ်ခန်းသို့‌ ဝင်လာခဲ့ကြောင်း၊ ကျောင်းသူ လည်ပင်းကို ဓားထောက်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်( မုဒိမ်းကျင့်) ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းညက ကျောင်းသူ၏ မိဘနှစ်ပါးမှာ စပါးရိတ်သိမ်းရန် လယ်ထဲသို့သွားနေခဲ့ပြီး နောက်ရက် နံနက်ပိုင်း လယ်ထဲမှပြန်လာချိန်တွင် မုဒိမ်းကျင့်ခံရသည့်အကြောင်းကို ကျောင်းသူက ဖွင့်ပြောပြခဲ့ကြောင်း သိရသည်။

မုဒိမ်းကျင့်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင် CDM စစ်သားကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယင်းဖြစ်စဉ်ကို သိသည့် တနင်္သာရီမြို့နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုလက်ရှိတော့ သူ့ကို( CDM စစ်သားကို) အချုပ်ထဲမှာထည့်ထားပြီး အရေးယူဖို့ လုပ်နေပါတယ်။ အရေးယူပြီးရင်တော့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေကနေပြီး သတင်းထုတ်ပြန်ပေးလိမ့်မယ်” ဟု ၎င်းကဆိုသည်။

တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ) ထုတ်ပြန်ချက်တွင်လည်း CDM စစ်သားအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က တာဝန်ယူ တရာစွဲဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ရေးနှင့် တရားစီရင်ရေးကိုမူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်မည်ဟုဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ) ထံ စင်ဂနယ်မှတစ်ဆင့် ဆယ်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အကြောင်းပြန်ကြားပါက ထပ်မံဖော်ပြပေးပါမည်။

မုဒိမ်းမှုကျူးလွန်သူအား တရားမျှတသည့်ပြစ်ဒဏ်ချမှတ်ရေး၊ အချိန်နှင့်တပြေးညီ ထိရောက်စွာအရေးယူ‌နိုင်ရေးကို ဆောင်ရွက်ပေးရန် တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ) က ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ပဋိပက္ခဒေသအတွင်း အမျိုးသမီးငယ်များ၊ အရွယ်မရောက်သေးသည့် ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကျူးလွန်ခြင်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် အမှုမှန်ပေါ်ပေါက်ရေးကိုလည်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ) က ထုတ်ပြန်ထားသည်။