BREAKING
January 2, 2025

ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးအလောင်းတွေ့

December 30, 2024

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

ထားဝယ်မြို့ပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်းတွင် အမျိုးသမီး ရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ရပ်ကွက်၊ ၇ လမ်းနှင့် ၁၀ လမ်းထောင့် အနီးတွေ့ရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။

သေဆုံးသူအမျိုးသမီးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အတွင်းခံအင်္ကျီသာရှိပြီး၊ ရုပ်အလောင်းအနီးတွင် အတွင်းခံဘောင်းဘီတစ်ထည်နှင့် စက်ဘီးတစ်စီး၊ ပိုက်ဆံတစ်ထောင်၊ ပေါင်ဒါဘူးတစ်ဘူးတွေ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့စတွေ့ချိန်မှာတော့ အလောင်းကပက်လက်အနေထားပေါ့နော်။ အပေါ်ပိုင်းအင်္ကျီမရှိဘူးအတွင်းခံပဲရှိတယ်။ ဘောင်းဘီအရှည်ဝတ်ထားတယ်။ နဖူးမှာချိုင့်ဝင်ဒဏ်ရာ တွေ့တယ်”ဟု အထက်ပါတာဝန်ရှိသူပြောသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသလို ၎င်း၏ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့မှ ‌အရေးပေါ်လူနာတင်ယာဉ်ဖြင့် ယနေ့ မနက်ပိုင်းတွင် ထာဝယ်ဆေးရုံကြီး၏ ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ထားကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်သည့် ဖြစ်စဉ်အသေးစိတ်ကို ယနေ့ညနေပိုင်းအထိ မသိရှိရသေးပေ။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း လင်မယားရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ကိုယ့်ကိုယ်ကို ဓားဖြင့်ထိုးပြီး ဒဏ်ရာရရှိသည့်အတွက်မြို့သစ် ၇ လမ်း ရှိ KTV တစ်ခုမှ ထားဝယ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။