BREAKING
January 3, 2025

ဘုတ်ပြင်းက အလယ်မန်‌ရွာတွင် ဂုံးချော အထွက်များနေပြီး ဈေးကောင်းရ

December 30, 2024

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် ရှပ် ဟုခေါ်သည့် ဂုံးချော ယခုနှစ် အထွက်များနေပြီး ဈေးကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။

အလယ်မန်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ကမ်းစပ်တွင် ဒီဇင်ဘာလ ၂၀ရက်‌မှစကာ ရှပ် အများအပြား ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရှပ် မပေါ်ဘဲနေတာ တော်တော်ကြာပြီ။ အခုတစ်ပြင်လုံးရှပ်တွေ အားပဲ (အရမ်း) ပေါ်နေတာ” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှပ်တစ်ကီလိုလျှင် ကျပ်ငါးထောင် ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ်ကမူ ရှပ်တစ်ကီလိုလျှင် ကျပ် သုံးထောင်ကျော်သာ ဈေးရခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ရှပ်ငုပ်လှေတွေလည်း တအားပဲ (အရမ်းများတယ်)။ တချို့ဆို ပင်လယ်ငါးဖမ်းတောင် မထွက်ကြတော့ဘူး။ ရှပ်ပဲလာငုပ်နေကြတယ်” ဟု အလယ်မန်ကျေးရွာနေ အမျိုးသမီးအခြားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှပ် ပေါ်နေသည့် အလယ်မန်ကျေးရွာပင်လယ်ပြင်တွင် ရှပ်ငုပ်လှေ အစီးရေ ၂၀၀ခန့်အထိ ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါ ပင်လယ်ကမ်းစပ်တွင် ရှပ်ပေါများနေသည့်အတွက် ရှပ်ငုပ်လှေတစ်စီးလျှင် တစ်ရက်ကို ကျပ်သိန်း ၄၀ မှ ကျပ်သိန်း ၁၀၀ အထိ ရရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ရှပ်ငုပ်ရာတွင် အောက်ဆီဂျင်လေအိုးများ အသုံးပြုကာ ပင်လယ်ပြင်ရေစပ် အနက် ‌ဆယ်ပေမှ ပေနှစ်ဆယ်အထိ ငုပ်ကြရကြောင်း ဒေသခံရှပ်ငုပ်သမားများထံမှ သိရသည်။