ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင်ဝနေရာသုံးခုတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတင်းကြပ်နေကြောင်း ခရီးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။
ထားဝယ်ဘက်မှ လာမည်ဆိုပါက လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်ဘုတ်အနီး၊ လောင်းလုံးမှ ပြင်ထိန်သွားလမ်း အဝင်ဝဖြစ်သည့် အောင်ချမ်းသာစေတီအနီး၊ လောင်းလုံးမှ ညင်းမော်သွားလမ်း မိုးလေဝသဆိုင်ဘုတ်အနီး စသည့်နေရာသုံးခုတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းလမ်းပိုင်းသို့ သွားခဲ့သည့် ခရီးသည်အချို့က ပြောသည်။
ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းမှစပြီး ဂိတ်ချစစ်ဆေးတင်းကြပ်လာခြင်းဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှတ်ပုံတင်မူရင်း (သို့မဟုတ်) အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ကို အဓိကစစ်ဆေးကြောင်း စစ်ဆေးခံရသူအချို့က ပြောသည်။
“စစ်တာက တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ ဒီနေရာမှာ ကိုဗစ်လက်မှတ်ပဲစစ်ပြီးရင်း အခြားနေရာကျတော့ လိုင်စင်စစ်တယ်။ ကိုယ့်မှာ အပြည့်အစုံပါနေမှ ဖြတ်တာကောင်းတယ်။ ယောက်ကျားလေးတွေဆိုရင် ပိုစစ်တယ်၊ ဆိုင်ကယ်မောင်းတဲ့သူ ပိုစစ်တယ်။ အနောက်က ထိုင်လိုက်တဲ့သူကို သိပ်မစစ်ဘူး” ဟု ကိုယ်တိုင်စစ်ခံခဲ့ရသူတစ်ဦးက ဆိုသည်။
လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင်လည်း ထပ်မံ စစ်ဆေးခံရသေးကြောင်း ၎င်းတို့က ပြောသည်။
လောင်းလုံးမြို့ တောင်ဖက်ခြမ်းရှိဒေသခံများ ထားဝယ်မြို့သို့သွားမည်ဆိုပါက မိုးလေဝသရုံးနေရာ၊ အုန်းသီးဆိုင်ဘုတ်နေရာနှင့် ကမြောကင်းတံတားစသည့်ဖြင့် အနည်းဆုံးနေရာသုံးခုတွင် စစ်ဆေးခံပြီးမှ သွားခွင့်ရမည်ဖြစ်သည်။
ဒေသတည်ငြိမ်ရေးအကြောင်းပြချက်ဖြင့် လောင်းလုံးမြို့အဝင်၊ အထွက်နေရာများကို စစ်ဆေးကေးဂိတ်ဖွင့် စစ်ဆေးမည်ဟု ကျေးရွာအချို့တွင် စစ်ကောင်စီက လိုက်လံကြေညာထားကြောင်း ဒေသခံအချို့က ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မူများ၊ ဗုံးပေါက်ကွဲမူများ မကြားခဏ ဖြစ်ပွားလျှက်ရှိသည်။