BREAKING
January 22, 2025

ဒေါနတပ်ရင်း အမည်ဖြင့် ဆက်ကြေးကောက်သည်ကိုတွေ့ပါက တိုင်ကြားကြရန်ထုတ်ပြန်

November 30, 2024

ဓာတ်ပုံ - ဒေါနစစ်ကြောင်း

မွန်နှင့်တနင်္သာရီဒေသတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်း အမည်ကို အလွဲသုံးစားပြု၍ ဆက်ကြေးကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ ခွင့်ပြုခြင်းတို့ တွေ့ရှိပါက သက်သေနှင့်တကွ တိုင်ကြားနိုင်သည်ဟု ယင်းတပ်ရင်း က နိုဝင်ဘာလ ၂၉ ရက်က အသိပေးထုတ်ပြန်သည်။

ယင်းသို့ ဆက်ကြေးကောက်ခြင်း၊ လောင်းကစားဝိုင်းခွင့်ပြုခြင်း စသည့် အကျင့်ပျက်မှု၊ အနိုင်ကျင့်မှုများကို ဒေါနတပ်ရင်း စတင်စုဖွဲ့ချိန်မှစ၍ ယနေ့အထိ မပြုလုပ်ခဲ့သလို နောက်တွင်လည်း ပြုလုပ်မည် မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါနတပ်ရင်း အမည်ကို အလွဲသုံးစားပြု၍ ငွေကြေးကောက်ခံခြင်းများကို ထုတ်ပြန်ချက် မထုတ်မီကပင် တိုင်ကြားမှုများရှိနေပြီး တိုင်ကြားခံထားရသည့်အမှုများတွင် တနင်္သာရီတိုင်းမှ အမှုများလည်းပါဝင်သည်ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင် ကဆိုသည် ။

“အလွဲသုံးစားမှုတွေ တနင်္သာရီတိုင်းထဲမှာလည်း ရှိပါတယ်၊ ဖြေရှင်းပေးနေတာတွေလည်း ရှိပါတယ်။ လိုင်းပေါ်ကနေလဲ အမည်အလွဲသုံးပြီး လိမ်ညာကောက်ခံတာတွေရှိနေပါတယ်” ဟု ရဲဘော်ရန်နိုင် ကပြောသည်။

သို့သော် အလွဲသုံးစားပြုသည်ဟု တိုင်ကြားခံရမှုများတွင် တပ်ရင်းမှ ရဲဘော်များ၊ တပ်ရင်းနှင့်ဆက်စပ်သူများ ပါဝင်ပတ်သက်သည်ကို မတွေ့သေးကြောင်း ၎င်းကဆက်ပြောသည်။

တိုင်ကြားရန်လက်လှမ်း မမီ၍ မသိလိုက်သည့် အမှုများလည်းရှိသဖြင့် မဖြေရှင်းနိုင်သည့် ဖြစ်စဥ်များလည်းရှိနိုင်ကြောင်း၊ ယင်းကြောင့် ပြည်သူလူထုအား အသိပေးပြန်ကြားခြင်းဖြင့် ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်ဟု ရဲဘော်ရန်နိုင် ကဆိုသည်။

အလားတူ ဒေါနစစ်ကြောင်း၏ တပ်ခွဲတစ်ခုဖြစ်သည့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလည်း ၎င်းတို့လှုပ်ရှားသည့် နယ်မြေဝန်းကျင်တွင် ဆက်ကြေးကောက်ခံခြင်းများမရှိကြောင်း ၊ တွေ့ရှိပါက ဆက်သွယ်မေးမြန်း သတင်းပေးနိုင်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်သတိပေးခဲ့သေးသည်။

” ကျွန်တော်တို့ အဖွဲ့အမည်အပြင် အခြား တော်လှန်ရေး အဖွဲ့အမည်တွေလည်း အသုံးပြုလိမ်တာတွေ တွေ့နေရတာရှိပါတယ်။ ပြည်သူတစ်ချို့ကြတော့လည်း ကြောက်ပြီး ချက်ချင်း ပေးတာမျိုးတွေရှိပါတယ်။ ဒါကြောင့် သေချာ စိစစ်ကြဖို့ သက်ဆိုင်ရာ တပ်ရင်း /စစ်ကြောင်း page တွေကနေ ဆက်သွယ်စုံစမ်းကြပါလို့ ပြောချင်ပါတယ်” ဟု ရဲဘော်ရန်နိုင် က တိုက်တွန်းထားသည် ။

ဒေါနတပ်ရင်း အမည်ဖြင့် အလွဲသုံးစားမှုများကို ဖုန်း ၀၉၈၈၄၈၉၆၇၄၅ သို့ လည်းကောင်း ၊ တပ်ရင်း၏ လူမှုကွန်ရက်စာမျက်နှာမှ လည်းကောင်း ဆက်သွယ်၍ သက်သေနှင့်တကွ တိုင်ကြားနိုင်သည်ဟု ဒေါနတပ်ရင်း က ထုတ်ပြန်ထားသည် ။