BREAKING
December 1, 2024

ထိုင်းငါးဖမ်းလှေကို မြန်မာစစ်တပ်ပစ်ခတ်၍ ထိုင်းငါးဖမ်းသမားတစ်ဦး သေဆုံး

November 30, 2024

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ရနောင်း-ကော့သောင်းနယ်စပ်ရှိ ပင်လယ်ထဲမှ ထိုင်းငါးဖမ်းလှေများကို မြန်မာစစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ထိုင်းငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး နောက်ထပ် ထိုင်းငါးဖမ်းသမားတစ်ဦးနှင့် မြန်မာငါးဖမ်းသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ထပ် လှေလုပ်သား ၃၁ ဦးပါသော ထိုင်းငါးဖမ်းလှေတစ်စီးကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး ဇာဒက်ကြီးကျွန်းသို့ ခေါ်ဆောင်သွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယနေ့ နံနက်သန်းခေါင်အချိန်တွင် နှစ်နိုင်ငံရေပိုင်နက်အနီး မြန်မာစစ်တပ်ဘက်က လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လှေပျက်စီးသွားပြီး ရေဝင်သွားခဲ့ကြောင်း သတင်းများအရသိရသည်။

ပစ်ခတ်ခဲ့သော လက်နက်အမျိုးအစားကို ဖော်ပြထားခြင်းမရှိပေ။

ထိုင်းရေတပ်ကလည်း ပျက်စီးနေသောလှေပေါ်ရှိ လှေသားများကို သွားရောက်ကူညီခဲ့ပြီး လှေသားအားလုံးကို ကယ်တင်နိုင်ခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများကိုလည်း ရနောင်းရှိ ဆေးရုံများကို ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံသားတွင် ဦးခေါင်းဒဏ်ရာနှင့် မြန်မာငါးဖမ်းသမားတွင် ဓါတ်လိုက်ဒဏ်ရာများ ရရှိထားကြောင်း ဖော်ပြထားသည်။

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ကျန်ငါးဖမ်းလှေနှင့် လှေသမားများကို ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်များထံသို့ အကြောင်းကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းငါးဖမ်းလှေများသည် မြန်မာရေပိုင်နက်အတွင်းသို့ ၅ မိုင်ခန့် ဝင်ရောက်လာကြောင်း မြန်မာဘက်က ဖြေကြားချက်ကို ဖော်ပြထားသည်။

မြန်မာဘက်က ထိုင်းငါးဖမ်းလှေနှင့် လှေလုပ်သားများ ဖမ်းဆီးထားမှုကိုလည်း အတည်ပြုထားပြီး နောက်ထပ် နှစ်ရက်အကြာတွင် ကော့သောင်းလှေဆိပ်သို့ လွှဲပြောင်းပေးမည်ဟု ဖြေကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thai Enquirer, Khaosod English