BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 30, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ

ပြည်ပရောက် အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းပြန်လာဖို့ NUG ယာယီသမ္မတတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အဝေးရောက်အစိုးရ ဖြစ်လို့မရတာကြောင့် အစိုးရအဖွဲ့ဝင် အားလုံး ပြည်တွင်းပြန်လာကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

နိုဝင်ဘာလ ၂၆ရက်က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့တာပါ။ နိုင်ငံတကာအသိုက်အဝန်းကို အချိန်ပေးသင့်တာထက် ပိုမိုပေးခဲ့ပြီဖြစ်ပြီး အခုအချိန်ဟာ မြေပြင်မှာ လက်တွေ့ကျကျ အင်အားတည်ဆောက်ရတော့မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ အင်အားလာစုပြီး လက်တွေ့ကျကျ လုံ့လထုတ်စေလိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

လက်ရှိတော်လှန်ရေးဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး ဖြစ်တာကြောင့် အရင်လုပ်ရိုးလုပ်စဉ်တွေအတိုင်း လုပ်လို့မရတော့ဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံရဲ့ ဖိအားဟာ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးမှာ ရှိနေပြီး ဒီဖိအားကို လျစ်လျှူမရှုဘဲ မဟာဗျူဟာ အပြောင်းအလဲအနေနဲ့ ရှုမြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် လုပ်ဆောင်ရမယ်လို့လည်း ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းပြန်လာရေးတိုက်တွန်းချက်အပေါ် ထောက်ခံမှုတွေ ရှိနေသလို သဘောထား ကွဲလွဲမှုတွေ လည်း ရှိနေပါတယ်။ ပြည်တွင်း ဝင်ရောက်လုပ်ကိုင်ဖို့ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေရှိသလို ပြည်ပမှာပဲဆက်နေပြီး လုပ်ဆောင်မှ လုပ်ငန်းတာဝန် ပိုမိုထိရောက်မယ့် ဝန်ကြီးဌာနတချို့လည်း ရှိနေတယ်လို့ ထောက်ပြကြပါတယ်။

……………………………………..

တရုတ်ဖိအားကြောင့် တအာင်းတပ် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ပြောလာ

လက်ရှိစစ်ရေးတင်းမာနေတာကို အဆုံးသတ်နိုင်ရေးအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အသင့်ရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ဘေးဒဏ်သင့်ပြည်သူတွေကို ငဲ့ညှာထောက်ထားတာ၊ တရုတ်အစိုးရရဲ့ ကြားဝင် ဆောင်ရွက်မှုကို အသိအမှတ်ပြုတာတွေကြောင့် အခုလို ဆွေးနွေးလိုတာလို့ ဆိုပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲသွားမယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

တအာင်းပြည်နယ်ရရှိရေး လက်နက်ကိုင်တိုင်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ဖို့ အမြဲတစေကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လက လာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်အပြီးမှာ တရုတ်အစိုးရက နယ်စပ်မှာရှိတဲ့ တအာင်း၊ ကိုးကန့်တပ်တွေကို တိုက်ပွဲရပ်ဆိုင်းဖို့ ဖိအားပေးခြိမ်းခြောက်တာ၊ ပိတ်ဆို့ဖြတ်တောက်အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့်နိုင်ငံရေးဆွေးနွေးဖို့ တအာင်းတပ်က ထုတ်ပြန်တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေ ရှိပါတယ်။

တအာင်းတပ်ဘက်ကတော့ ဒီထုတ်ပြန်ချက်ဟာသူတို့တစ်ဖွဲ့တည်းရဲ့သဘောထားဖြစ်ပြီး မြောက်ပိုင်ညီနောင်မဟာမိတ်တွေ နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်က မြို့နယ် ၁၀ကျော်သိမ်းယူနိုင်ခဲ့ပါတယ်။

……………………………………..

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကို တောင်းဆို

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ရဲ့ တရားလိုရှေ့နေက တရားသူကြီးတွေဆီကို နိုဝင်ဘာလ ၂၇ရက်က တောင်းဆိုလိုက်ပါတယ်။

၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ အကြမ်းဖက်ရာဇဝတ်မှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင် ရာထောင်ချီ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပြီး ဒီဖြစ်ရပ်ကို စတင်စစ်ဆေး အချက်အလက်စုဆောင်းပြီး ငါးနှစ်အကြာမှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မကြာခင်မှာလည်း နောက်ထပ် မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ICC တရားလိုရှေ့နေ ဗြိတိန်နိုင်ငံသား Karim Khan (ကာရင် ခမ်း) က ဆိုပါတယ်။ ဒီတောင်းဆိုချက်ကို လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားတဲ့အဖွဲ့တွေက ထောက်ခံထားကြပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း ICC ရဲ့ စုံစမ်းမှုမှာ ဆက်လက်ပူးပေါင်းမယ်လို့ ထုတ်ပြန်ပါတယ်။ 

ဝရမ်းထုတ်ပေးဖို့ တောင်းဆိုမှုအပေါ်  ICC တရားသူကြီးတွေက ဆုံးဖြတ်ချက်ချမှတ်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC မှာ လက်မှတ်ရေးထိုးတားတဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် အဲဒီပြောဆိုချက်တွေကို အသိအမှတ်မပြုဘူးလို့ တုံ့ပြန်ထားပါတယ်။ စစ်ကောင်စီကို ထောက်ခံတာတွေ လုပ်ဆောင်နေတဲ့ တရုတ်အစိုးရကလည်း အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံအပေါ်  တရားရုံးက စီရင်ပိုင်ခွင့် မရှိတဲ့အကြောင်း၊ ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးတာကြောင့် မျှမျှတတဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

……………………………………..

စစ်ဘေးရှောင် ၃၄ သိန်းကျော်ရှိလာပြီလို့ ကုလပြော

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ စံချိန်တင်များပြားလာပြီး နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၃၄သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ပဋိပက္ခဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပြင်းထန်လာပြီး တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ တိုက်ပွဲဒဏ်ခံနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မရပ်အနားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေပြီး အရပ်သားတွေအပေါ် ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်းဟာ ဆက်လက် ဆိုးဝါးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

……………………………………..

‘ဝ’ တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ် စစ်ရေးတင်းမာ

ထိုင်း-မြန်မာနယ်စပ်က ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တပ်စခန်းကိုးခုကို ဒီဇင်ဘာလ ၁၈ရက်မှာ နောက်ဆုံးထား ဆုတ်ခွာဖို့ ထိုင်းစစ်တပ်က သတိပေးရာကနေ နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်၊ မြန်မာဘက်ခြမ်းဆိုရင် ရှမ်းပြည်အရှေ့ မန်တုံမြို့နယ်ထဲက ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်စခန်းတွေကို ဆုတ်ခိုင်းနေတာပါ။ ဒီတပ်စခန်းတွေဟာ ‘ဝ’ ရဲ့ ၁၇၁ စစ်ဒေသထဲမှာ ရှိနေတာပါ။

နှစ်နိုင်ငံ နယ်နိမိတ်မသတ်မှတ်ရသေးတဲ့ နေရာမှာ တပ်စခန်းတွေရှိနေတာကြောင့် ပြန်လည် ဆုတ်ခွာဖို့ ထိုင်းဘက်က သတိပေးတာဖြစ်ပါတယ်။ ထိုင်းစစ်တပ်ကတော့ ဟောင်ဝှစ်ဇာအမြောက်တွေ အသင့်ပြင်ပြီး စစ်ရေးပြင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

‘ဝ’ တပ်ဖွဲ့ဘက်ကတော့ ဒီကိစ္စဟာ နှစ်နိုင်ငံဆွေးနွေးဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး စစ်ကောင်စီကို တင်ပြထားတယ်လို့ တုံံ့ပြန် ထားပါတယ်။ ဒီလိုစစ်ရေးတင်းမာနေချိန်မှာပဲ ထိုင်းနိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ဟာ နေပြည်တော်ကို နိုဝင်ဘာလ ၂၇ရက် မှာ လာရောက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတော့ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးခဲ့ပါတယ်။ ‘ဝ’ နဲ့ ထိုင်းစစ်တပ် နှစ်ဖက်ဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့ ထိုင်းစစ်တပ်ဘက်က ပြောဆိုထားပါတယ်။

၁၇၁ စစ်ဒေသဟာ ဘိန်းဘုရင်ခွန်ဆာရဲ့တပ်ကို တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်က ‘ဝ’ တပ်ဖွဲ့ကို နယ်ရာချထားပေး ခဲ့တဲ့ နေရာဖြစ်ပါတယ်။ အခုလို စစ်ရေးတင်းမာနေချိန်မှာ ၁၇၁ စစ်ဒေသမှာ စစ်မှုထမ်းသင်တန်းပေးတာ ‘ဝ’ တပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။

……………………………………..

ကချင်အထူးဒေသ (၁) ကို KIA ပယ်ဖျက်

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့တဲ့ ကချင်အထူးဒေသ (၁) ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO က ဖျက်သိမ်းလိုက်ပါတယ်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့တဲ့ ကချင်အထူးဒေသ (၁) အားလုံးနီးပါးကို KIA သိမ်းယူပြီးနောက် နိုဝင်ဘာလ ၂၈ ရက်မှာ အခုလို ပယ်ဖျက်လိုက်တာပါ။

စစ်အာဏာရှင်အစိုးရတွေက သူတို့အာဏာတည်မြဲစေဖို့အတွက် ကချင်အထူးဒေသ (၁) ဆိုပြီး ခွဲခြားသတ်မှတ်အုပ်ချုပ်မှုကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှု ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ကချင်လူမျိုးတွေ သာမက ကချင်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းမကွဲစေဘဲ အတူတကွ တန်းတူနေနိုင်ရေး အတွက် အခုလို ပယ်ဖျက်လိုက်တာလို့လည်း ထုတ်ပြန်ကြေညာပါတယ်။ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ ဌာနေပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်စိတ်မထားဘဲ ဘက်စုံတိုးတက်ရေးအတွက် ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

အထူးဒေသ (၁) မှာ မြေရှားသတ္တုအပါအဝင် သတ္တုလုပ်ကွက်တွေ များစွာရှိသလို တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းလည်း ရှိပါတယ်။

……………………………………..