BREAKING
January 20, 2025

ဟဲလို …. ဒီဇင်ဘာ

November 30, 2024

လာမဲ့ ၂၀၂၅ နှစ်သစ်အတွက် ကြိုတင်နှုတ်ဆက်ရင်း တနင်္သာရီရဲ့ စစ်ရေးအ‌ရွေ့ကို ခန့်မှန်း သုံးသပ်ကြရအောင်ပါ။

လက်ရှိ တရုတ်ရဲ့ ဖိအားဟာ အခုကနေ လာမဲ့ နှစ်အတွင်း ရှမ်းမြောက်စစ်မျက်နှာရဲ့ စစ်ရှိန်ကို လျော့ချသလို တောင်ပိုင်းရဲ့ စစ်ရှိန်ကိုလဲ လျော့ကျစေမှာပါ။

၂၀၂၅ မှာ မြောက်ပိုင်းက ဝ၊ ကိုးကန့်၊ တအောင်း အဖွဲ့တွေအပေါ် တရုတ်ဖိအားနဲ့ စွက်ဖက်မှုက စစ်ဆင်ရေးအပြင် လက်နက်ကန့်သတ် ထိန်းချုပ်မှုတွေအထိ ပိုလုပ်လာမဲ့နှစ် ဆိုတော့ ကျည်တစ်တောင့်ချင်း ဝယ်ပြီး တိုက်နေရတဲ့ တောင်ပိုင်းစစ်မျက်နှာမှာ (၁၀၂၇) စစ်ဆင်ရေးလို မဟာဗျူဟာမြောက် ထိုးစစ်တွေ ပေါ်လာဖို့ဆိုတာ ဝေးပါ သေး တယ်။ ဒီလောက်ဆိုရင်ပဲ လာမဲ့နှစ် တနင်္သာရီရဲ့ စစ်ရေးအရွေ့ကို အေမီစျာန်လို ကြိုသိနိုင်ပါပြီ။

ဒါတင်ပဲသေးလား ဆိုတော့ မကသေးပါဘူး။ တော်လှန်‌ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေ၊ ဗျူဟာမြောက် လမ်းမကြီးတွေ၊ အသစ်ရည်မှန်းထားတဲ့ လမ်းကြောင်းတွေကို ဖက်ဆစ် (စကစ) ဘက်က အင်အား အလုံးအရင်း သုံး တန်ပြန် ထိုးစစ်ဆင်ပြီး ပြန်လည်စိုးမိုးမှု ရယူတာ၊ ပိတ်ဆို့တာတွေက ၂၀၂၅ မှာ ပိုတွေ့လာရမှာပါ။

အခုကြည့်လေ တောင်ပိုင်းရဲ့ တနင်္သာရီစစ်မျက်နှာမှာဆို ပုလောဘက်က တော်လှန်ရေးတပ်ဖွဲ့တွေနှစ်နဲ့ချီပြီး စိုးမိုးထားတဲ့ ပုလော-မြိတ် ပြည်ထောင်စုလမ်းမကြီးတလျှောက်နဲ့ စိုးမိုးနယ်မြေတွေဟာ လဝက်လောက်နဲ့ ဖက်ဆစ် (စကစ) လက်ထဲ ပြန်ပါသွားပြီ။ ဒါ ထင်သာတဲ့ ဥပမာတစ်ခုကို ထုတ်ပြတာပါ။

တကယ်တော့ ၂၀၂၅ ဟာ အဆိုးရော အကောင်းပါ ယူဆောင်လာပေးတဲ့ နှစ်ပါ။

စစ်ရေးနဲ့ နိုင်ငံရေးကို မဟာဗျူဟာ ကျကျ ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်တဲ့ KIA/ AA/ TNLA တို့လို တော်လှန် ရေးတပ်ဖွဲ့တွေ အတွက်တော့ တော်လှန်ရေး အိပ်မက်တွေ လက်တွေ့ အကောင်အထည်ပိုဖော်လာနိုင်တဲ့ နှစ်။

အိပ်မက်မရှိတဲ့ တနင်္သာရီရဲ့ တော်လှန်ရေးအတွက်တော့ ၂၀၂၅ မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ သုံးသပ်နေစရာ ကိုမလိုတော့ပါ။

နိုင်ငံရေးအရ ရေရေရာရာ သဘောတူညီချက်တွေမရဘဲနဲ့ စစ်ရေးသဘောတူညီချက်၊ စစ်မဟာ မိတ် အဖွဲ့တွေ ဖွဲ့နိုင်ရုံလောက်နဲ့တော့ တော်လှန်ရေးရဲ့ စစ်အရှိန်ကို ဆက်ထိန်းထားနိုင်မယ် မဟုတ်ပါဘူး။

ဒီလိုဆိုရင် ၂၀၂၅ မှာ ရနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားပြီး တနင်္သာရီရဲ့ တော်လှန်ရေး ခရီးဟာ ရေရှည်ကာလ ထဲ ရောက်ရှိသွားမှာပါ။

စိတ်ပျက်စရာတွေချည်းပါလား။ စစ်ရေးအကြံပြုချက်လေး ပေးပါဦးဆိုရင်တော့ အောက်မှာ လေးချက်ရှိပါတယ်။

(၁) တိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ အင်အား၊ ကျွမ်းကျင်မှု၊ အကန့်အသတ်နဲ့ပဲ ရှိတဲ့ အရင်းအမြစ်တွေအပေါ် မူတည်ပြီး စစ်မဟာဗျူဟာ ထိုးစစ် နည်းနာတွေကို စဥ်းစားဖော်ထုတ်ပါ။

(၂) လုပ်နည်း အနေနဲ့ ကိုယ့်တပ်တွေဘက်က အသာစီးရဖို့ သေချာတဲ့ စစ်ရေးပစ်မှတ်တွေ ရှာဖွေပြီး နည်းဗျူဟာ မြောက်သက်ရောက်မှုရှိတဲ့ သေးငယ်တဲ့ စစ်ဆင်ရေး အမြောက်အများကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် တိုက်ခိုက် ဖို့ပါ။

(၃) အမာခံဒုဖြင့် တိုက်ရတဲ့ တိုက်ပွဲတွေချည်း ဖော်ဆောင် နေမယ်၊ ဦးတည်နေမယ် ဆိုရင်တော့ ရေရှည်မှာ ဘဏ္ဍာ ရေး၊ စစ်ပမ်းမှုနဲ့ မလိုအပ်ဘဲ ထိခိုက်ကျဆုံးမှုတွေများလာတဲ့အခါ ရဲဘော်တွေ စိတ်ဓာတ်ကျလာဆင်းပြီး တပ် အုပ်ချုပ်ကွပ်ကဲမှု ဆိုးကျိုးပြဿနာတွေ ဆက်တိုက် ကြုံလာမှာကို သတိပြုပါ။

(၄) နောက်ဆုံး အကြံပြုလိုတာကတော့ တိကျခိုင်မာတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ စွမ်းရည် မြှင့်နည်းပညာတို့ ပေါင်းစပ်ထားတဲ့ စစ်ဆင်ရေးတွေ ဦးစားပေး အကောင်အထည်ဖော်ကြပါလို့ အကြံပြုရင်း ရဲဘော်တို့ တော်လှန်နှစ်သစ် ၂၀၂၅ ပါ။

ထူဝေါလု
(၂၉. ၁၁. ၂၀၂၄)