BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

November 30, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

အစ္စရေးနှင့် ဟစ်ဘိုလာကြား အပစ်ရပ်ရေး သဘောတူချက်ကို ချိုးဖောက်

အစ္စရေးနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာတပ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိပြီး နောက်တစ်ရက်မှာပဲ ပစ်ခတ်မှုတွေ ထပ်ရှိလာပါတယ်။

လက်ဘနွန်တောင်ပိုင်းက တာလတ်ပစ် ဒုံးကျည်တွေသိုလှောင်ထားတဲ့ စခန်း တစ်ခုကို အစ္စရေးက လေကြောင်းက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးဘက်က နိုဝင်ဘာ ၂၈ ရက်နေ့က ပြောကြားခဲ့တာပါ။

တောင်ပိုင်းဇုန်ထဲကို လူတွေအများကြီး ကားတွေနဲ့ ရောက်လာကြတာက သဘောတူညီချက်ကို ချိုးဖောက်မှုလို့လည်း အစ္စရေးဘက် တုံ့ပြန်ထားပါတယ်။

ဟစ်ဘိုလာဘက်ကတော့ အစ္စရေးဘက်က အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲထားတာပါ။

တောင်ပိုင်းကို ပြန်လာတဲ့သူတွေက နယ်စပ်ကျေးရွာတွေကို ပြန်ကြသူတွေလို့ ဟစ်ဘိုလာဘက်က ဆိုပြီး ဒီလူတွေကို အစ္စရေးဘက်က တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

Ref: REUTERS

………………………………..

အမေရိကန်နှင့် တရုတ် အချင်းချင်း အကျဉ်းသား လဲလှယ်

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား နိုဝင်ဘာ ၂၆ ရက်နေ့က အကျဉ်းသားအချင်းချင်း လဲလှယ်ခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံမှာ နှစ်နဲ့ချီ ထောင်ကျခံနေရတဲ့ အမေရိကန် ၃ ဦးကို တရုတ်ဘက်က ပြန်လွှတ်ပေးခဲ့တာပါ။

အပြန်အလှန်အနေနဲ့ အမေရိကန်က လူ ၃ ဦးကို တရုတ်ကိုပြန်ပို့ခဲ့ပြီး သူတို့က တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

သူတို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခံထားရသူတွေလို့ တရုတ်ဘက်က ဆိုပါတယ်။

အမေရိကန် ၃ ဦးကတော့ နိုဝင်ဘာ ၂၆ ရက်နေ့ကပဲ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီရိုက စစ်တပ်စခန်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လူပေါင်း ၁ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်

ယူကရိန်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ဌာနတွေကို ရုရှားက နိုဝင်ဘာ ၂၈ ရက်နေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ လူတစ်သန်းကျော် မီးပြတ်သွားခဲ့ပါတယ်။

ပိုလန်နိုင်ငံနဲ့နယ်စပ် ယူကရိန်းအနောက်ပိုင်း လဗစ်ဒေသမှာ လူ ၅ သိန်းကျော်လောက် လျှပ်စစ်မီးပြတ်တောက်ခဲ့တာပါ။

ဒီမြို့ရဲ့ အနီးဝန်းကျင်က မြို့တွေမှာလည်း လူ ၅ သိန်းကျော် လျှပ်စစ်မီး မရဘူးလို့ သက်ဆိုင်ရာအာဏာပိုင်တွေက ဆိုပါတယ်။

လျှပ်စစ်အဆောက်အဦးတွေ တိုက်ခိုက်ခံရပြီးနောက် အစိုးရကလည်း လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေကနေ အရေးပေါ် လျှပ်စစ်မီး စတင်ဖြန့်ဝေပေးနေတယ်လို့ ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စက်ရုံတော်တော်များများမှာလည်း ဆက်သွယ်မှု ကွန်ရက်တွေ ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

အမေရိကန်တွင် ကျေးဇူးတော်နေ့ ပွဲတော် ကျင်းပ

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၂၈ ရက်နေ့က မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့ကြလေ့ရှိတဲ့ Thanksgiving ကျေးဇူးတော်နေ့ အားလပ်ရက်ဖြစ်ပါတယ်။

အမေရိကန်ကျေးဇူးတော်နေ့တိုင်းမှာ နယူးယောက်မြို့က မေစီကုန်တိုက်ကြီးက အလှပြအရုပ်တွေနဲ့ လှည့်လည်ပြသခဲ့ပါတယ်။

ကုန်တိုက်က ၁၉၂၄ နှစ်ကတည်းက ပွဲတော်ကျင်းပခဲ့လို့ ဒီနှစ်မှာဆို နှစ်တစ်ရာ တိုင်ခဲ့ပြီလို့ သိရပါတယ်။

ဥရောပက ရွှေ့ပြောင်းအခြေချသူတွေနဲ့ အမေရိကန်တိုင်းရင်းသားတွေ ဆောင်းဦးကာလ ကောက်ရိတ်သိမ်းထားတဲ့သီးနှံတွေကို မျှဝေရာကနေ ကျေးဇူးတော်နေ့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Ref: AP

………………………………..

အခွန်တိုးကောက်ပါက ပြန်တိုးကောက်မယ်လို့ မက္ကဆီကို သမ္မတဆို

အမေရိကန်ပြည်ထောင်စုဘက်က သွင်းကုန်ခွန်တိုးမြှင့်လာမယ်ဆိုရင် မက္ကဆီကိုနိုင်ငံကလည်း အခွန်တိုးကောက်သွားမယ်လို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နယ်စပ်ကနေ မူးယစ်ဆေးဝါးနဲ့ ရွှေ့ပြောင်းတွေကို တင်းတင်းကျပ်ကျပ် မကိုင်တွယ်နိုင်ပါက သွင်းကုန် အခွန် ၂၅ ရာခိုင်နှုန်းချမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့် ဆိုခဲ့တာပါ။

တစ်နိုင်ငံက အခြားနိုင်ငံအပေါ် အခွန်တိုးမြှင့်မယ်ဆိုရင် အခြားနိုင်ငံကလည်း အလားတူ တုံ့ပြန်ရမယ်လို့ မက္ကဆီကိုသမ္မတက ဆိုပါတယ်။

ဒါဟာ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အန္တရာယ် ကျနိုင်တယ်လို့ သတိပေးထားပါတယ်။

ရွှေ့ပြောင်းတွေ ဝင်ရောက်နေတာကို တားမြစ်ပေးမယ်လို့ မက္ကဆီကိုသမ္မတက ဆိုပါတယ်။

Ref: The Guardian

………………………………..

ဂါဇာတွင် ဂျော်ဒန်က အကူအညီများ ချပေး

ဂါဇာမြောက်ပိုင်းကို ဂျော်ဒန်နိုင်ငံက နိုဝင်ဘာ ၂၆ ရက်နေ့က စစ်လေယာဉ်တွေနဲ့ အကူအညီတွေ ချပေးခဲ့တယ်လို့ ဂျော်ဒန်စစ်တပ်က ဆိုပါတယ်။

ဂါဇာဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေ တော်တော်များများ လိုအပ်နေတာပါ။

ဒါဟာ ဂျော်ဒန်စစ်တပ်က ၅ လတာကာလမှာ ပထမဆုံးအကြိမ် အကူအညီတွေ ပေးခဲ့တာဖြစ်ပါတယ်။

စားနပ်ရိက္ခာနဲ့ အခြားအရေးကြီး အထောက်အကူပြုပစ္စည်း ၇ တန်နီးပါးပါတဲ့ ကုန်သေတ္တာတွေကို ချပေးခဲ့တယ်လို့ ဆိုပါတယ်။

အရင်တည်းက ဂါဇာက ပါလက်စတိုင်းတွေကို ဂျော်ဒန်နိုင်ငံက လေကြောင်းကနေ အကူအညီတွေ ချပေးနေသလို ကားတွေနဲ့လည်း ပို့ဆောင်ဖူးပါတယ်။

Ref: REUTERS

………………………………..

ပါကစ္စတန်တွင် အဓိကရုဏ်းဖြစ်၊ အနည်းဆုံး လူ ၆ ဦးသေဆုံး

ထောင်ကျခံနေရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်ရမ်ခန်းကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား မြို့တော် အစ္စလာမ်မာဘတ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း လွတ်မြောက်ရေးနဲ့ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ အချိန်ထိ ဆန္ဒပြဖို့ ထောက်ခံသူတွေက မြို့တော်ကို ရောက်ရှိလာခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အတားအဆီးတွေကို ချိုးဖောက်ပြီး ဆန္ဒပြစုရပ်ကို ချီတက်တဲ့အချိန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်းကတော့ အဆုံးထိ တိုက်ပွဲဝင်ကြဖို့နဲ့ တောင်းဆိုချက်တွေ မရမချင်း နောက်မဆုတ်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: DW

………………………………..

ဂျူးဘာသာရေးဆရာတစ်ဦးကို သတ်ဖြတ်မှုနဲ့ပက်သက်ပြီး သံသယရှိသူသုံးဦးကို ယူအေအီးဖမ်းဆီး

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ အစ္စရေးနိုင်ငံသား ဂျူးဘာသာရေးဆရာတစ်ဦးကို သတ်ဖြတ်မှုနဲ့ ပက်သက်လို့ သံသယရှိသူ ၃ ဦး ကို ဖမ်းဆီးလိုက်တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့က ပြောကြားထားပါတယ်။

အဖမ်းခံရသူတွေက ဥစ္စဘက်ကစ္စတန်နိုင်ငံသားတွေဖြစ်ပြီး အရေးယူမှုတွေ လုပ်ဆောင်နေပြီလို့ ပြောထားတာပါ။

တည်ငြိမ်မှုပျက်ပြားသွားအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျူးဘာသာရေးဆရာ Zvi Kogan အသတ်ခံရခြင်းက ရက်စက်ပြီး ဂျူးဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

ဒီလုပ်ရပ်အတွက် တာဝန်ရှိသူကို အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း အစ္စရေးသမ္မတက ဆိုထားပါတယ်။

Ref: CNN

………………………………..

ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ဂျွန် အယ်လ်ဖရက် တင်နစ်ဝုဒ်ဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ နိုဝင်ဘာ ၂၅ ရက်နေ့က အင်္ဂလန်နိုင်ငံ Southport မြို့လေးရှိ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာပါ။

ဂျွန်က သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ သူတွေကို အမြဲ ကျေးဇူးတင်စကားပြောရတာ ကြိုက်လို့ သူ့ကိုယ်စား နှစ်ပေါင်းများစွာ ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့ သူ့မိသားစုက ဆိုပါတယ်။

ဂျွန်ကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်တဲ့နှစ် ၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကမှ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကနေ ဂျွန်ကို ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..