BREAKING
January 13, 2025

မောင်းမကန်ရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်

November 30, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စုရှိ ရေစင်နှင့်ကဗွီး နှစ်ပင်ရွာကို ယနေ့(နိုဝင်ဘာ ၃၀) မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။

မြေတင်ကား နှစ်စီး၊ ကားငယ် တစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီအင်အား ခုနှစ်ဆယ်ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် မောင်းမကန်နယ်‌မြေ ရဲစခန်းကို ကနဦး ရောက်ရှိလာသည်ဟုဆိုသည်။ 

မောင်းကန်ရဲစခန်းမှ တစ်ဆင့် ယနေ့ မနက် ၅ နာရီဝန်းကျင်ခန့်တွင် ရဲစခန်း၏ အနောက် မြောက်ဘက် ကဗွီး နှစ်ပင်ရွာကို စစ်ကြောင်းဝင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဆိုင်တွေကိုလည်းစစ်တယ်။ ကားတွေလည်းစစ်တယ်။ ဆိုင်ကယ်တွေကိုလည်း နေအိမ်ထဲထိ ဝင်စစ်တယ်။ သေနတ်ပစ်ဖောက်တာမျိုးမရှိဘူး ” ဟု၎င်းဒေသခံကပြောသည်။

ထိုနောက်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်စစ်ဆေးပြီးနောက် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် စားသောက်ဆိုင်များထံမှ ငွေကျပ်ခြောက်သိန်းကျော်ခန့် တောင်းသွားကြောင်း၊ ဆိုင်ကယ်သိမ်းဆည်းခံရသည်များလည်း ရှိကြောင်း ဒေသခံများထံမှ ကနဦးသိရှိရသည်။

သိမ်းဆည်းခံရသည့် ဆိုင်ကယ် အရေအတွက်နှင့် ဒေသခံများပေးခဲ့ရသည့် ငွေကြေးပမာဏကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ စစ်ကြောင်း ရုတ်တရက်ဝင်လာတာကြောင့် ကဗွီး နှစ်ပင် ရွာသူရွာသားအချို့မှာလည်း ထွက်ပြေး ခဲ့ကြသည်ဟုဆိုသည်။

ရေစင်ဆိုသည်မှာ မောင်းမကန်ရွာ၏ အနောက်မြောက်ဘက် လှေဝင်လှေထွက် လုပ်သည့် ပင်လယ်ကမ်းခြေနေရာ တစ်နေရာဖြစ်ပြီး ၊ကဗွီးနှစ်ပင်မှာ ဒေသခေါ် နာမည်ဖြစ်ကာ မောင်းမကန်ကျေးရွာအုပ်စုဝင် ရွာငယ်တစ်ခုဖြစ်သည်။

ယနေ့ မွန်းလွဲ ၂ နာရီကျော်အထိ မောင်းမကန်ရွာတွင် လမ်းသွားလမ်းလာကင်းမဲ့ကာ လမ်းမကြီး နှင့် ယင်းကျေးရွာ၏ လူနေရပ်ကွက်များတွင် တိတ်ဆိတ်နေ ကြကြောင်း မောင်းမကန်ရွာ ဒေသခံများထံမှ သိရသည်။