BREAKING
January 13, 2025

ရေဖြူတွင် မူးယစ်ဆေး ကျပ် ၈၇ ဘီလီယံကျော်ဖိုး ဖမ်းမိ

November 30, 2023

ဓာတ်ပုံ - CCDAC Myanmar

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ (သိန်းပေါင်း ရှစ်သိန်း ခုနစ်သောင်းကျော်) တန်ဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးများ အလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDA Myanmar) က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် ရေးမြို့မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကားကို စစ်ဆေးရာ ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ပြောင်းဆေး ကက်တမင်း ၂ဒသမ ၃တန်ကျော် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

ယာဉ်မောင်း ဦးခင်ဇော်နှင့် ဦးအောင်ကျော်ဦးတို့ကိုပါ ဖမ်းမိပြီး ၎င်းတို့ကို စစ်ဆေးရာ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဘားအံ မော်လာမြိုင်ကားလမ်း ဇသပြင် တံတားအနီး၌ အိမ်စီးကားတစ်စီးနှင့်အတူ ထပ်မံဖမ်းမိကြောင်း နိုဝင်ဘာလ ၂၉ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသူများအားလုံးကို စစ်ဆေးရာ‌တွင် အထက်ပါမူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းတို့အား အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDA Myanmar ထံမှသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံသို့ နိုင်ငံဖြတ်ကျော်သယ်ဆောင်မည့် ငွေကျပ် ဘီလီယံ တစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။