BREAKING
January 10, 2025

ရော်ဘာတင်ပို့မှု ထိုင်းနှင့် အင်ဒိုနီးရှားထက် အိုင်ဗရီကို့စ် ခြေလှမ်းပိုသွက်

October 30, 2024

အာဖရိကတိုက်အနောက်ပိုင်းမှ အိုင်ဗရီကို့စ်နိုင်ငံသည် ရော်ဘာတင်ပို့ထုတ်လုပ်မှုတွင် ထိုင်းနှင့် အင်ဒိုနီးရှားထက် ခြေလှမ်းပိုသွက်လာနေသည်။

နိုင်ငံတကာရော်ဘာလေ့လာမှုအဖွဲ့(IRSG) ၏ အဆိုအရ အိုင်ဗရီကို့စ်၏ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁.၅၅ သန်းအထိ ရှိခဲ့သည်။

ယင်းပမာဏသည် ၂၀၁၉ ခုနှစ်က ၎င်းထုတ်လုပ်ခဲ့သည့် ရော်ဘာတန်ချိန် ၈၁၅,၀၀၀ ၏ နှစ်ဆဖြစ်သည်။

ယင်းသို့ တိုးမြှင့်တင်ပို့လာမှုကြောင့် အိုင်ဗရီကို့စ်သည် ဗီယက်နမ်ကို ကျော်တက်ကာ ကမ္ဘာ့တတိယမြောက် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာပေါ်တွင် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းဖြစ်ပြီး ဒုတိယမှာ အင်ဒိုနီးရှား ဖြစ်သည်။

အိုင်ဗရီကို့စ်နိုင်ငံ ရော်ဘာတင်ပို့မှု ကြီးထွားလာခြင်း၏ အကြောင်းအရင်း တစိတ်တပိုင်းမှာ နိုင်ငံအတွင်းရှိ ကိုကိုစေ့စိုက်ပျိုးသည့် တောင်သူများက ဝင်ငွေပိုတည်ငြိမ်မှုရရန် မျှော်လင့်ချက်ဖြင့် ရော်ဘာခြံလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် အသက်ဝင်လာဖွယ်ရှိသည့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုထိန်းချုပ်ရေးစည်းမျဉ်းကလည်း အကြောင်းရင်း တစိတ်တပိုင်း ဖြစ်သည်။

အဆိုပါ စည်းမျဉ်းသစ်အရ ဥရောပဈေးကွက်သို့ တင်ပို့မည် ရော်ဘာများသည် သစ်တောပြုန်းတီးမှုကို အားဖြည့်ကူညီမှုမရှိကြောင်း သက်သေအထောက်အထားပြနိုင်ရန် လိုအပ်သည်။

ဥရောပမှ ကားတာယာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် အခြားသော ရော်ဘာဖောက်သည်များအနေနှင့် ယင်းစည်းမျဉ်းသစ်နှင့် ကိုက်ညီသည့် ရော်ဘာများကို ဝယ်ယူရရှိနိုင်ရန် အိုင်ဗရီကို့စ်နိုင်ငံတွင် ပြင်ဆင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းစည်းမျဉ်းအသစ်ကြောင့် တနိုင်တပိုင် ရော်ဘာထုတ်လုပ်သည့် တောင်သူများ ပျောက်ကွယ်သွားမည့်အရေး စိုးရိမ်မှုများလည်း ရှိနေသည်။

“ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုထိန်းချုပ်ရေးစည်းမျဉ်းကို လိုက်နာအောင် အကောင်အထည်ဖော်တာဟာ သဘာဝရော်ဘာစစ်စစ်ကို ကျွန်တော်တို့ ဝယ်ယူရရှိနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခုကို အစပြုပေးလိုက်တာပဲ ဖြစ်တယ်”ဟု အကြီးစား ကားတာယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ထိုင်းနှင့် အင်ဒိုနီးရှားသည် ကမ္ဘာ့ရော်ဘာတင်ပို့မှုအားလုံး၏ တစ်ဝက်ခန့်ကို ထုတ်လုပ်နေသည်။

အင်ဒိုနီးရှား၏ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် ၂၀၁၉ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး တန်ချိန် ၂.၆၅ သန်းသာ ထုတ်လုပ်နိုင်ခဲ့သည်။ အိုင်ဗရီကို့စ်နှင့် မတူဘဲ အင်ဒိုနီးရှားတွင် ရော်ဘာခြံလုပ်ကိုင်သည့် တောင်သူများ အရေအတွက်လျော့ကျလာသည်။

“အကြောင်းရင်းကတော့ တောင်သူတွေကို တက်တက်ကြွကြွ မထောက်ပံ့ပေးတာကြောင့်ပါ။ ရော်ဘာဈေးကျလာတဲ့ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ တောင်သူတွေက စားအုန်းဆီနဲ့ အခြားကုန်စည်တွေကို ပြောင်းလဲစိုက်ပျိုးဖို့ လျှင်လျှင်မြန်မြန်ပဲ ရွေးချယ်လာခဲ့ကြတယ်” ဟု တိုကျိုအခြေစိုက်ရော်ဘာကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာရှင်နီချီကာတိုက ဆိုသည်။

“ရော်ဘာပင်အဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးတဲ့နေရာမှာလည်း တိုးတက်မှုက အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်”ဟု မစ္စတာကာတိုက ဖြည့်စွက်ပြောသည်။

အင်ဒိုနီးရှားသည် အဆိုပါ စည်းမျဉ်းအတွက် ပြင်ဆင်မှုလုပ်ရာတွင် နှေးကွေးခဲ့ပြီး တရုတ်နှင့် အိန္ဒိယ ကဲ့သို့သော ဥရောပမဟုတ်သည့် တိုင်းပြည်များကို တင်ပို့နိုင်ရန်သာ ဦးတည်လုပ်ဆောင်လာခဲ့သည်။

ထိုင်းနိုင်ငံရှိ ရော်ဘာထုတ်လုပ်မှုအာဏာပိုင်များက ယင်းစည်းမျဉ်းနှင့် အလိုက်သင့်ဖြစ်စေရန် ရော်ဘာစိုက်ပျိုးသည့်ဧရိယာများကို ဖော်ပြသည့် ဒေတာပလက်ဖောင်းတစ်ခုကို မိတ်ဆက်ခဲ့သည်။

အရှေ့တောင်အာရှတွင် ရော်ဘာထုတ်လုပ်ရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ထိုင်းနိုင်ငံတွင် အခုနှစ် နွေရာသီကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများ တွေ့ကြုံခံစားနေခဲ့ရသည်။

မြန်မာမှာ နှစ်စဉ် ရာဘာတင်ပို့မှု တန်ချိန် နှစ်သိန်းခန့်ရှိပြီး ဒေသတွင်း မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား တို့ထက် နည်းပါးသည်။

စက်တင်ဘာလ အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ‘ယာဂိ’ က ရော်ဘာစိုက်ပျိုးရာဒေသများဖြစ်သည့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနှင့် ဗီယက်နမ်မြောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။

“ရာသီဥတုအရေး စိုးရိမ်ပူပန်မှုတွေနဲ့ ရော်ဘာထုတ်လုပ်မှုနှုန်းကျဆင်းလာမှုတွေက ရှေ့ဆက်ရှိနေဦးမယ်လို့ တွယ်ဆထားတယ်”ဟု လူသုံးကုန်ပစ္စည်းသုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Marketedge ၏ ခေါင်းဆောင်ဖြစ်သူ မစ္စတာစူတိုမူကိုဆူဂီက ဆိုသည်။

နိုင်ငံတကာရော်ဘာဈေးနှုန်းများကို အကဲဖြတ်သတ်မှတ်ပေးသည့် အိုဆာကာအိတ်ချိန်းတွင် အများဆုံးရောင်းဝယ်ခဲ့ကြသည့် ရော်ဘာရောင်းဝယ်ရေးစာချုပ်များ၏ ပေါက်ဈေးသည် အခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ကီလိုဂရမ်လျှင် ၂.၇၀ ဒေါ်လာအထိ ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကထက် ၆၀ ရာခိုင်နှုန်း မြင့်မားနေသည်။

Source – Nikkei Asia