BREAKING
January 10, 2025

နှစ်ရှည်ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူငါးသိန်းခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟုဆို

October 30, 2024

ပုံစာ - ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ။ ဓာတ်ပုံ - Matichon Online

ထိုင်းနိုင်ငံတွင် နှစ်ရှည်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများနှင့် ထိုင်းတွင် နှစ်ရှည်အခြေချနေထိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရသေးသည့် လူနည်းစုမိဘများမှ မွေးဖွား လာသော ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၉ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးရန် သင့်လျော်မှုရှိသည်ဟု အစိုးရအဖွဲ့အနေဖြင့် ခံစားမိကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ပြောသည်။

၎င်းတို့သည် ထိုင်းနိုင်ငံသားဖြစ်လာပါက နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် တဖက်တစ်လမ်းက အထောက်အကူနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအစည်းအဝေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ပြည်ထဲရေးဝန်ကြီးဌာနက လာမည့်ရက် ၆၀ အတွင်း စည်းမျဉ်းများကို ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ယခုဆုံးဖြတ်ချက်အရ ၁၉၈၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ နေထိုင်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ၁၂၀,၀၀၀ ခန့် အကျုံးဝင်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒုတိယအုပ်စုမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ နေထိုင်နေသော ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ခန့် အကျုံးဝင်မည်ဖြစ်ကြောင်း ရေးသားထားသည်။

တတိယအုပ်စုမှာ ထိုင်းတွင် နှစ်ရှည်အခြေချနေထိုင်ပြီး နိုင်ငံသားဖြစ်ခွင့်မရသေးသည့် လူနည်းစု မိဘများက မွေးဖွားလာသော ကလေးငယ် ၂၉,၀၀၀ ခန့် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

စတုတ္ထအုပ်စုမှာ ထိုင်းနိုင်ငံထဲ အထောက်အထားမရှိသေးသော မိဘများက မွေးဖွားလာသော ကလေးငယ် ၁၁၃,၀၀၀ ခန့် အကျုံးဝင်မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားသည်။

သို့သော်လည်း ယခုထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုအားလုံး ပြီးမြောက်အောင်ဆောင်ရွက်ရန် ၄၄ နှစ်အထိ ကြာမြင့်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ပြောဆိုသည်။

Ref: Thai PBS, Khaosod English