BREAKING
January 10, 2025

ရေဖြူ ညင်းထွေးရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

October 30, 2024

ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်လေးလုံး ညင်းထွေးရွာအရှေ့ပိုင်းနှင့် ရွာလယ်လမ်းဆုံတို့တွင် ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။

ရွာလယ်လမ်းဆုံတွင် လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတစ်ဦး ကျည်စထိမှန်သေဆုံးကာ ဆိုင်ဖွင့်ထားသည့် နေအိမ်တစ်ဆောင်လည်း အမိုးပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ပထမတစ်လုံးက လမ်းဆုံတည့်တည့်ကျတယ်။ အဲဒီမှာ ဝါးတင်တဲ့ကားတစ်စီး ထိသွားတယ်။ နောက်တစ်လုံးက လမ်း‌ဆုံ ကနေပြီး ပေတစ်ရာလောက်တိုးပြီးပစ်ပုံရ (လမ်းဆုံကနေ ပေတစ်ရာလောက်အကွာမှာကျ) တယ်။ လူတစ်ယောက်ထိပြီး ကုန်မာဆိုင် တစ်ဆိုင်ထိသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ အသက် ၄၇ နှစ်အရွယ်ရှိ ညင်းထွေးရွာသား ဦးတင်လတ် (ခေါ်) ဦးစုဖြူ ဖြစ်ပြီး ရင်ဘတ် ကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူက ဆိုင်မှာထိုင်နေတယ်။ ပထမလက်နက်ကြီးသံတစ်ချက်ကြားလို့ ထွက်ပြေးတယ်ပြောတယ်၊ အဲဒီမှာ ဒုတိယပစ်တဲ့ လက်နက်ကြီး ကျည်စထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မောင်မယ်ရှောင်ရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ကျောက်ကညာရွာအခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၄ က လက်နက်ကြီးများ ပစ်ကူပေးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ လက်နက်ကြီးများဖြင့်ပစ်ကူ ပေးရာမှ ညင်းထွေးရွာအတွင်းမှာ လက်နက်ကြီးကျည် လေးလုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရေဖြူမြို့ ထားဝယ်မြစ်ကူး တံတားအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့ပစ်ခတ်မှုအတွင်း အထက်ပါစစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ရေဖြူအနောက်ကမ်းတွင် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့သေးသည်။