BREAKING
October 30, 2024

တနင်္သာရီတိုင်းထဲက ‘မူဆလင်တပ်ခွဲ’

October 30, 2024

Photo - Lorcan Lovett/Al Jazeera

(Aljazeera သတင်းဌာနပါ Muslims join Buddhist, Christian fighters to topple Myanmar’s military ဆောင်းပါးကို မူရင်းအတိုင်း ဘာသာပြန်ဆိုဖော်ပြထားခြင်း ဖြစ်သည်)

မြန်မာပြည် တနင်္သာရီဒေသရဲ့ စိမ်းလန်းစွာ အနိမ့်အမြင့်သွယ်တန်းနေတဲ့ တောင်တန်းများ။ ဒီတောင်တန်းတွေအနှံ့မှာ ဖြန့်ကျက်အခြေချထားတဲ့ သူပုန်စစ်သည်တွေဟာ စစ်ဆေးရေးဂိတ်တွေမှာ မော်တော်ကားတွေကို စစ်ဆေးနေတယ်။ ဒီမော်တော်ကားတွေဟာ ရန်သူတော်မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က အနီးအနားမြို့တစ်မြို့ကို ဦးတည်သွားနေကြတယ်။

ဒီဒေသဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ခိုင်မာအားကောင်းလာနေတဲ့ နေရာ။ ဒီနေရာ ဒီဒေသမှာ ဒီမြင်ကွင်းဟာ ရင်နှီးပြီးသားအရာ။

ဒါပေမယ့် ဒီသူပုန်စစ်သည်တွေကို အခြားသူတွေနဲ့ ကွဲထွက်ထူးခြားနေစေတာက သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုပါ။ သူတို့ဟာ အင်မတန်လူသိနည်းတဲ့ “မူဆလင်တပ်ခွဲ”ရဲ့ တပ်ဖွဲ့ဝင်များ ။

ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစုလွှမ်းမိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အစိတ်အပိုင်းတစ်ခု။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲကို ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ စစ်သည်တော်တွေ။

တရားဝင်နာမည်ကတော့ ကေအင်န်ယူ – တပ်မဟာ (၄) ရဲ့ တပ်ခွဲ (၃)။

နိုင်ငံကို အုပ်စိုးနေတဲ့ စစ်တပ်ကို ဖြိုချဖို့ တိုက်ပွဲဝင်နေကြတဲ့ ထောင်ပေါင်းများစွာသော လူတွေထဲမှာ ‘မူဆလင်တပ်ခွဲ’ရဲ့ ရဲဘော်ဦးရေ ၁၃၀ လည်း ပါဝင်နေပါတယ်။ လူတွေ သိပ်မသိကြသေးတဲ့ သူတို့ရဲ့ ဇာတ်လမ်းကို ဖော်ပြဖို့ အယ်ဂျ်ဂျားဇီးယားသတင်းဌာနရဲ့ ဝိုင်းတော်သားအချို့က ‘မူဆလင်တပ်ခွဲ’ရဲ့ တပ်စခန်းကို သွားရောက်ခဲ့တယ်။

မြန်မာပြည်တောင်ပိုင်းရဲ့ တောကြီးမျက်မည်းဖုံးအုပ်ထားတဲ့ တောင်တန်းတွေကြားက လူမသိ သူမသိနေရာကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သပွတ်အူဆန်ဆန် ရှုပ်ထွေးတဲ့ မြန်မာပြည်ပဋိပက္ခထဲက အမေ့လျော့ခံနီးပါး ချည်မျှင်လေးတစ်ခုကို အစဆွဲထုတ်ဖို့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

“အချို့ဒေသတွေမှာက လူမျိုးစုတွေ ကိုယ်ပိုင်ပြည်နယ်ရဖို့ကို ဦးတည်ထားကြတယ်”

မြန်မာစစ်တပ်ကို ကာလရှည်တိုက်ခိုက်လာခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေအကြောင်း မိုဟာမက်အီရှာက ရှင်းပြတယ်။ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ အီရှာဟာ ‘မူဆလင်တပ်ခွဲ’ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ အုပ်စုတစ်ခုခုက လွှမ်းမိုးထားတာမျိုး မရှိဘဲ စစ်တပ်ရဲ့ ဖိနှိပ်မှုကို လူမျိုးစုအုပ်စုအားလုံး ခံစားနေရတယ်လို့ အီရှာက ဆိုတယ်။

“စစ်တပ်ရှိနေသရွေ့ကတော့ မူဆလင်တွေနဲ့ ကျန်တဲ့လူတွေအားလုံးဟာ အဖိနှိပ်ခံနေရမှာပဲ”

မြန်မာစစ်တပ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ အင်အားစုတွေကြားမှာ မတူကွဲပြားမှုကို လက်ခံလာမှုက အရင်က ရှိခဲ့ဖူးတဲ့ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ တင်းမာမှုတွေကို လျော့ကျသွားစေဖို့ မျှော်လင့်တယ်လို့ သူက ဆိုတယ်။

ဒီတင်းမာမှုတွေကြောင့်ပဲ အရင်က မြန်မာပြည်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ဖူးတယ်။ ‘မူဆလင်တပ်ခွဲ’အပေါ် ပွေ့ဖက်လက်ခံလာမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ သမိုင်းဝင်လူထုတော်လှန်မှုကြီးရဲ့ အားလုံးပါဝင်မှုလက္ခဏာကို မီးမောင်းထိုးပြနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုတယ်။ ဒီတော်လှန်ရေးထဲမှာ အရင်က ဘေးဖယ်အစွန်းထုတ်ခံထားရတဲ့သူတွေပါ ပူးပေါင်းတိုက်ပွဲဝင်နေမှုကို ထင်ရှားစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။

■ မတူကွဲပြား ဆင်းသက်ရာများ

မြန်မာပြည်ရဲ့ မူဆလင်တွေဟာ မတူကွဲပြားတဲ့ နောက်ခံဇစ်မြစ်ကနေ ဆင်းသက်လာကြတာ ဖြစ်ပါတယ်။ နိုင်ငံအနောက်ပိုင်းက ရိုဟင်ဂျာတွေ၊ အိန္ဒိယသွေးနဲ့ တရုတ်သွေးပါတဲ့ မူဆလင်တွေနဲ့ ကမန်လူမျိုးစုတွေလည်း ပါဝင်ပါတယ်။ ကမန်လူမျိုးစုတွေဟာ ၁၇ ရာစုနှစ်မှာ အာရကန်ဘုရင့်နိုင်ငံတော်မှာ ခိုလှုံလာတဲ့ မဂိုမင်းသားရဲ့ နောက်ပါမြားစစ်သည်တွေဆီကနေ ဆင်းသက်လာသူတွေလို့ ယုံကြည်ကြပါတယ်။ ၁၇ ရာစုနှစ်က အာရကန်ဘုရင့်နိုင်ငံတော်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။

‘မူဆလင်တပ်ခွဲ’ အခြေစိုက်ထားရာ တနင်္သာရီတိုင်းမှာတော့ မူဆလင်အချို့ဟာ အာရပ် ၊ ပါရှန်းနဲ့ အိန္ဒိယကုန်သည်တွေဆီကနေ ဆင်းသက်လာကြသူတွေပါ။ “ပသျှူး”လို့ လူတွေ သိထားကြတဲ့ ဗမာပြည်ဖွား မလေးအနွယ်လူမျိုးတွေကနေ ဆင်းသက်လာကြသူတွေလည်း ရှိပါတယ်။ တနင်္သာရီရဲ့ လူမျိုးစုံလင်ကွဲပြားမှုထဲမှာ ကရင်နဲ့ မွန်လူမျိုးတွေလည်း ပါဝင်ကြပါတယ်။ ထားဝယ်၊ မြိတ် စတဲ့ ဒေသတွေမှာ နေထိုင်တဲ့ (ထားဝယ်၊ ဘိတ်စတဲ့) ဗမာလူမျိုးစုအုပ်စုဝင်တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။

တပ်ခွဲ ၃ ရဲ့ မူဆလင်စစ်သည်တွေဟာ ယူနီဖောင်းမှာ KNU တံဆိပ်ကို တပ်ဆင်ထားကြပါတယ်။ သူတို့ရဲ့ ကျောပိုးအိတ်တွေမှာ ကြယ်တစ်စင်းနဲ့ လခြမ်းတစ်ကွင်းပုံကို တပ်ဆင်ထားပါတယ်။ ဒါဟာ ဗမာနိုင်ငံလုံးဆိုင်ရာ မူဆလင်လွတ်မြောက်ရေးတပ်ဖွဲ့ (ABMLA) ကနေ ဆင်းသက်လာပုံကို သင်္ကေတယူထားတာ ဖြစ်ပါတယ်။ “မြန်မာ”လို့ မခေါ်ခင်က ဒီနိုင်ငံကို “ဗမာ” လို့ ခေါ်ခဲ့ကြပါတယ်။

မူဆလင်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ hijab ခေါင်းမြီးခြုံပုဝါတွေနဲ့ ဝတ်ရုံရှည်တွေဟာ သူတို့ရဲ့ ပင်မစခန်းမှာ တွေ့မြင်နေကျ အဝတ်အစားတွေပါပဲ။

စခန်းမှာရှိတဲ့ ဗလီထဲကနေ ကုမ်အန်ကျမ်းစာ ရွတ်ဖတ်သံတွေ ပီပီသသ ထွက်ပေါ်လာနေတယ်။ ဝေးလံခေါင်ဖျားတဲ့ သူပုန်စခန်းတစ်ခုမှာ ဆုတောင်းဝတ်ပြုဖို့ ဖျာတွေ ခင်းထားကြတယ်။ ရာမဒန်ဥပုသ်လ တလျှောက်လုံးမှာ တပ်ခွဲ ၃ ရဲ့ ရဲဘော်တွေဟာ ဥပုသ်သီလ ဆောက်တည်ရင်း နေ့စဉ်ဝတ်ပြုဆုတောင်းနေကြတယ်။

မြန်မာပြည်ရဲ့ စစ်အစိုးရအဆက်ဆက်နဲ့ သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာရဟန်းတွေဟာ မူဆလင်တွေကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ ပုံဖော်ခဲ့ကြပါတယ်။ ရလဒ်ကတော့ မြန်မာပြည်မှာ ထောင်စုနှစ်တစ်ခုကျော်ကြာ နေထိုင်လာခဲ့ကြတဲ့ မူဆလင်လူ့အသိုက်အဝန်းဟာ အပြစ်တင်အပုပ်ချခံရမှု၊ ဘာသာရေးအရ ဖိနှိပ်မှုနဲ့ နိုင်ငံသားဖြစ်ခွင့် အငြင်းပယ်ခံရမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။

“ယေဘုယျခြုံငုံပြောတာမျိုးကတော့ အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် မြန်မာပြည်က မူဆလင်တွေဟ အင်မတန် အားနည်း ထိခိုက်လွယ်ပါတယ်။ သိသာထင်ရှားတဲ့ အကြမ်းဖက်မှုတွေကိုလည်း ခံစားခဲ့ရပါတယ်” လို့ မြန်မာ့အရေး ကျွမ်းကျင်သူ Ashley South က ဆိုတယ်။

“လူ့အသိုက်အဝန်းတွေ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ကြတာကို ကရင်နယ်မြေတွေမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။ အရေအတွက်အားဖြင့် သိသာများပြားတဲ့ မူဆလင်ဒုက္ခသည်တွေဟာ KNU ထိန်းချုပ်နယ်မြေတွေထဲကို မဝံ့မရဲ ရွှေ့ပြောင်းခဲ့ကြတယ်။ တခါတလေမှာ အခြားအုပ်စုတွေရဲ့ နယ်မြေထက် ပိုသဘောကျနှစ်ခြိုက်လို့ ရွှေ့ပြောင်းခဲ့ကြတာ ဖြစ်တယ်”

ရန်လိုတတ်တဲ့ မြန်မာ့နိုင်ငံရေးကြောင့် အရင်က ဖယ်ကျဉ်ခံခဲ့ရတဲ့ အုပ်စုတွေရဲ့ ပါဝင်တိုက်ပွဲဝင်နေမှုဟာ လက်ရှိတော်လှန်ရေးရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ နွေဦးတော်လှန်ရေးဟာ ၂၀၂၁ မှာ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကို ဆန့်ကျင်တွန်းလှန်လာခဲ့ရာမှာ အောင်မြင်မှုတွေ ရလာနေပြီဆိုတဲ့အကြောင်းကိုလည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

■ မူဆလင်တော်လှန်ရေးလှုပ်ရှားမှုသမိုင်း

လွန်ခဲ့တဲ့ သုံးနှစ်မှာ မြန်မာအရွေးကောက်ခံအစိုးရ ဖယ်ရှားခံလိုက်ရပြီးနောက် မြန်မာစစ်တပ်ကို ဆန့်ကျင်တွန်းလှန်ဖို့ တပ်ခွဲ ၃ ကို ရောက်လာခဲ့ကြတဲ့ မူဆလင်တွေဟာ မြန်မာပြည်မှာ ဖိနှိပ်မှုကို အံတုတော်လှန်တဲ့ ပထမဆုံးသော မူဆလင်တွေ မဟုတ်ပါဘူး။

၁၉၈၃ ခုနှစ် ဩဂုတ်လမှာ အောက်မြန်မာပြည် မော်လမြိုင်မြို့မှာ မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေကနေ ထွက်ပြေးခဲ့ရသူတွေ ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ဒုက္ခသည်အုပ်စုလေးတစ်စုဟာ ကော်သူးလေမူဆလင်လွတ်မြောက်ရေးတပ်ဦး (KMLF) ကို KNU ထိန်းချုပ်နယ်မြေထဲမှာ ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ KMLF စစ်သည် ၂၀၀ ဝန်းကျင်ကို KNU က လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ဒါပေမယ့် ဆွန်နီခေါင်းဆောင်တွေနဲ့ ရှီအာခေါင်းဆောင်တွေကြားက အငြင်းပွားမှုတွေကြောင့် သူတို့အဖွဲ့အစည်း ပြိုကွဲခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ KMLF စစ်သည်အချို့ဟာ တောင်ဘက်တနင်္သာရီတိုင်းကို ရွှေ့ပြောင်းခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာမူဆလင်လွတ်မြောက်ရေးတပ်ဦး (ABMLA) ကို တည်ထောင်လိုက်ကြပါတယ်။ မြန်မာစစ်တပ်နဲ့ ပြတ်တောင်းပြတ်တောင်း ထိတွေ့တိုက်ပွဲတွေ ဆယ်စုနှစ်အချို့ကြာအောင် တိုက်ခဲ့ကြပြီးနောက်မှာ သူတို့ဟာ KNU တပ်မဟာ (၄) ရဲ့ တပ်ခွဲ (၃)အဖြစ် တရားဝင်ဖြစ်တည်လာခဲ့ပါတယ်။ အရပ်သုံးစကားနဲ့ဆိုရရင် “မူဆလင်တပ်ခွဲ”ဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။ အဲဒီအချိန်ဟာ KNU နဲ့ မြန်မာစစ်တပ်ကြားက အပစ်အခတ်ရပ်စဲရေးအဆုံးသတ်သွားပြီးတဲ့နောက် ၂၀၁၅ ခုနှစ်လောက်မှာ ဖြစ်ခဲ့တာပါလို့ တပ်ခွဲ (၃) ရဲ့ အုပ်ချုပ်ရေးအရာရှိတစ်ယောက်ဆီကနေ သိရပါတယ်။ သူဟာ ၁၉၈၇ ခုနှစ်ကတည်းက တပ်ဖွဲ့နဲ့အတူ ရှိလာခဲ့သူ ဖြစ်ပါတယ်။

မကြာသေးခင်က စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတလွှားက မိသားစုတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မြန်မာစစ်တပ်ဟာ မူဆလင်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်သာမက မြန်မာနိုင်ငံရဲ့ လူအများစုအတွက်ပါ ရွံ့မုန်းဖွယ်ရာတစ်ခု ဖြစ်လာပြီလို့ အဆိုပါ အုပ်ချုပ်ရေးအရာရှိက ပြောပါတယ်။

“၂၀၂၁ အာဏာသိမ်းမှုက လူတိုင်းအတွက် လွတ်မြောက်ရေးလမ်းကို ဖွင့်ပေးလိုက်တယ်”

ပုခက်ပေါ်မှာ ထိုင်နေရင်းနဲ့ အယ််လ်ဂျားဇီးယားဝိုင်းတော်သားတွေကို သူက ပြောပြပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ အစိုးရတပ်စခန်းတစ်ခုကနေ ယူလာခဲ့တဲ့ စစ်ဖိနပ်တစ်ရံကို သူ့ ပုခက်အောက်မှာ ထားထားပါတယ်။

အမျိုးသမီးစစ်သည် အယောက် ၂၀ ခန့်ဟာ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အသက် ၂၈ နှစ်အရွယ် မသန္တာ(အမည်လွှဲ)လည်း ပါဝင်ပါတယ်။ ၂၀၂၁ အောက်တိုဘာမှာ တပ်ခွဲထဲကို ဝင်ရောက်လာခဲ့တဲ့ ဆေးတပ်သားတစ်ယောက်ဖြစ်ပါတယ်။ KNU က ပေးတဲ့ တိုက်ခိုက်ရေးသင်တန်းတက်ပြီးနောက်မှာ မူဆလင်တပ်ခွဲအကြောင်း သတင်းစကြားပြီး တပ်ခွဲဆီမှာ စာရင်းပေးခဲ့တယ်ဆိုတဲ့အကြောင်း မသန္တာက ပြောပြပါတယ်။

“တော်လှန်ရေးပြီးဆုံးတဲ့အချိန်အထိ ကျွန်မ ဒီမှာ အလုပ်လုပ်သွားမယ်”
တပ်မှူးဖြစ်သူ အီရှာကို ပြုံးကြည့်ရင်း ပြောလိုက်တဲ့ စကားပါ။

“သူက ကျွန်မတို့ရဲ့ ဖခင်အသစ်တစ်ယောက်လိုပါပဲ”

ဒီ့ပြင်အကြောင်းအရာတွေအပြင် စိတ်တူကိုယ်တူ ရဲဘော်တွေနဲ့အတူ ရှိနေရတာက ဟာလာ( halal) စားဖို့အတွက် ပိုလွယ်ကူစေတယ်လို့ မသန္တာက ပြောပါတယ်။

“ဒါ့အပြင် ကျွန်မက မူဆလင်ရဲဘောတွေနဲ့ အတူနေရတာလေ” လို့လည်း ထပ်ဖြည့်ပြောပါတယ်။

“ဒီမှာ အဆင်ပြေပါတယ်။ ဒါကြောင့်ပဲ ကျွန်မ ဒီမှာ အကြာကြီးနေလာခဲ့တာလေ”

■ ဗမာပြည်လူထုအားလုံးအတွက် လွတ်မြောက်ရေး

မူဆလင်တပ်သားသစ် အယောက် ၂၀ ဝန်းကျင် မကြာသေးခင်ကပဲ တပ်ခွဲမှာ စာရင်းပေးလာကြတယ်လို့ အီရှာက ပြောပါတယ်။ သူတို့ဟာ စစ်အစိုးရရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဌာန်းထားခဲ့တာပါ။ ဒါပေမယ့် အခုနှစ်မှာမှ စတင်အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

‘မူဆလင်တပ်ခွဲ’ဆီကို အယ်လ်ဂျားဇီးယားဝိုင်းတော်သားတွေ သွားရောက်လည်ပတ်ခဲ့တဲ့အချိန်မှာ ပင်မစခန်းမှာရှိနေတဲ့ စစ်သည်တွေမှာ အများစုက အိမ်ထောင်ရှင်အမျိုးသားတွေ ဖြစ်ပါတယ်။ အနီးအနားက မိသားစုဆီ လည်ပတ်ဖို့ ခွင့်ရထားသူတွေ ဖြစ်ပါတယ်။ သီးခြားစစ်တန်းလျားတစ်ခုမှာတော့ လူနာတွေကို လက်ခံထားပါတယ်။ ထုံးစံအားဖြင့် ငှက်ဖျားဒဏ်ခံစားခဲ့ရတဲ့ လူငယ်ပိုင်းတွေကို ထားထားတဲ့ နေရာ ဖြစ်ပါတယ်။

အနီးအနားမှာ ရှိနေတဲ့ စခန်းရဲ့ ဗလီကတော့ အပေါ့စားအုတ်တွေနဲ့ ဆုတ်ထားတဲ့ ရိုးရိုးကုပ်ကုပ်အဆောက်အအုံတစ်ခုပါပဲ။ ခေါင်မိုးကို သံပြားနဲ့ ကာထားပါတယ်။ ဝတ်ပြုဆုတောင်းမှုမပြုမီမှာ ဘာသာရေးထုံးစံအရ ကိုယ်လက်ဆေးကြောသန့်စင်ဖို့အတွက် ပလပ်စတစ်ရေပိုက်တွေကို အပြင်နံရံမှာ တပ်ဆင်ထားတယ်။

သူ့ရဲ့ ယုံကြည်မှု အစမ်းသပ်ခံခဲ့ရတဲ့ဖြစ်ရပ်ကို အီရှာက ပြန်ပြောပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က စစ်တပ်နဲ့ ရှောင်တခင်ထိတွေ့တိုက်ပွဲတစ်ခုမှာ ဖြစ်ပါတယ်။ သူ့လည်ပင်းနဲ့ လက်မောင်းအပေါ်ဘက်မှာ ကျည်ဆန်ထိမှန်သွားတဲ့အချိန်ပါပဲ။ သူ့တပ်ဖွဲ့ဝင်တွေနဲ့ တကွဲတပြားဖြစ်သွားပြီး တောကြီးမျက်မည်းထဲမှာ သူ တစ်ယောက်တည်း နှစ်ရက်ကြာ လမ်းလျှောက်နေခဲ့ရပါတယ်။ ပြီးတော့မှ သူ့ရဲဘော်တွေနဲ့ ပြန်တွေ့ခဲ့ရတာပါ။

“ကျွန်တော့် လည်ပင်းပေါ်က ပြည်တွေရဲ့ အနံ့ကြောင့် ကျွန်တော် အန်ခဲ့တယ်”

ကျည်ဆန်ဖောက်ထွက်သွားခဲ့တဲ့ နေရာမှာ ကျန်ရစ်ခဲ့တဲ့ မီးတောင်ဝလို အမာရွတ်တစ်ခုကို လက်နဲ့စမ်းရင်း ပြန်ပြောပြပါတယ်။ အဲဒီအချိန်က သူ ဘယ်လောက်အထိ သည်းကြီးမည်းကြီး ဆုတောင်းနေခဲ့တဲ့အကြောင်း ပြန်အောက်မေ့ရင်း ပြောပြနေတာပါ။

“ကျွန်တော် ကျူးလွန်ခဲ့မိတဲ့ အပြစ်တစ်စုံတစ်ရာရှိခဲ့ရင် အဲဒီအပြစ်တွေကနေ လွတ်ငြိမ်းခွင့် ပေးဖို့ ၊ အပြစ်မရှိခဲ့ဖူးဆိုရင် ဆက်လက်တိုက်ပွဲဝင်နိုင်မယ့် ခွန်အားပေးဖို့ ကျွန်တော် ဆုတောင်းနေခဲ့တယ်”လို့ အီရှာက ပြောတယ်။

တပ်ခွဲ ၃ နယ်မြေရဲ့ တောနက်ထဲက တပ်စခန်းတစ်ခုမှာ အသက် ၄၇ နှစ်အရွယ် မိုဟာမက်ယူဆွတ်က တပ်ဖွဲ့ယူနစ်တစ်ခုကို ဦးဆောင်နေပါတယ်။ အီရှာနည်းတူ ယူဆွတ်လည်း အရေးတော်ပုံအတွက် ထိခိုက်ခံစားခဲ့ရသူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မြေမြုပ်မှိုင်းတွေ ရှင်းလင်းနေတဲ့ အချိန်တစ်ခုမှာပါ။ မိုင်းတစ်လုံး ထပေါက်ကွဲပြီး သူ မျက်စိကွယ်ခဲ့ရပါတယ်။

“မြန်မာပြည်ထဲက လူထုအားလုံးအတွက် လွတ်မြောက်ရေးကို ကျွန်တော် လိုချင်တယ်”
ယူဆွတ်က ပြောတယ်။

“တော်လှန်ရေးက အောင်မြင်လိမ့်မယ်။ ဒါပေမယ့် စည်းလုံးညီညွတ်မှု ပိုလိုအပ်နေသေးတယ်။ လူတိုင်းက အရေးတော်ပုံကို သစ္စာစောင့်သိသင့်တယ်”

တပ်ခွဲ ၃ ဟာ သူ့ရဲ့ တပ်ဖွဲ့ထဲမှာတောင်မှ စုံလင်ကွဲပြားမှု ရှိနေတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် တပ်သားအနည်းငယ်အပါအဝင်ကို ပင်မစခန်းမှာ တွေ့ရပါတယ်။

အသက် ၄၆ နှစ်အရွယ် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ရဲဘော်တွေ စားဖို့အတွက် ခရမ်းသီးနဲ့ ဘိုစားပဲ စိုက်ပျိုးတဲ့ တာဝန်ကို ယူထားပါတယ်။ ကျက်သရေရှိတဲ့ အပြုံးပိုင်ရှင် သူမဟာ ဗမာလယ်သူမဘဝကနေ တော်လှန်ရေးသမား ဖြစ်လာခဲ့သူပါ။ အခြား တော်လှန်ရေး တပ်ဖွဲ့နှစ်ခုမှာလည်း စေတနာ့ဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးပါတယ်။ သူမအတွက် နေရာဟာ “မူဆလင်တပ်ခွဲ”ထဲမှာဆိုတာကို ဘယ်လိုလက်ခံလာခဲ့သလဲဆိုတာကို ကာယကံရှင်ကိုယ်တိုင် ပြန်ပြောပြခဲ့ပါတယ်။

“ဒီမှာ ဘာခွဲခြားဆက်ဆံမှုမှ မရှိဘူး”
သူမက ပြောတယ်။

“ကျွန်မတို့ အားလုံးအတူတူပါပဲ။ လူသားတွေပါပဲ”