မြိတ်မြို့တွင် ညမထွက်ရအချိန် သတ်မှတ်ချက်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး လျှော့ချသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။
ယခင်က ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ည ၁၂ နာရီမှ မနက် ၃ နာရီသို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ည ၁၂ နာရီမှ မနက် ၃ နာရီအထိ သတ်မှတ်လိုက်ကြောင်းကို မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှု၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ညမထွက်ရအမိန့်ကို လျှော့ချသတ်မှတ်ခဲ့သော်လည်း ညရှစ်နာရီနောက်ပိုင်းတွင် အသွားအလာ မရှိတော့ကြောင်း မြို့ခံအချို့က ဆိုသည်။
“ရှစ်နာရီနောက်ပိုင်းဆို လူပြတ်ပြီ၊ အချို့ရပ်ကွက်တွေကျတော့ ကိုးနာရီအထိ အသွားအလာရှိကြတယ်” ဟု ရွှေပြည်တန်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
မြို့တွင်းပိုင်းရပ်ကွက်တို့တွင် ရှစ်နာရီနောက်ပိုင်း လူပြတ်လေ့ရှိပြီး၊ အခြေခံလူတန်းစား အများစုနေထိုင်ကြသည့် မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်နယ်မြေတို့အတွင်းရှိ ရပ်ကွက်အချို့တွင် ကိုးနာရီနောက်ပိုင်းမှ လူပြတ်လေ့ရှိကြကြောင်း ၎င်းက ဆိုသည်။
ညမထွက်ရအမိန့် လျှော့ချသတ်မှတ်ခြင်းသည် မနက်ပိုင်းဈေးသည်များနှင့် ဈေးပြေးသည်တို့အတွက် အကျိုးသက်ရောက်မှုရှိဟုဆိုသည်။
“မနက်စောစော ထနေရတာ၊ ဈေးသည်တွေကို ဖမ်းဆီးတာမရှိပေမယ့် ကျောမလုံဘူးပေါ့၊ အခုတော့ နည်းနည်းစိတ်အေးရမယ်ထင်တယ်” ဟု ဈေးပြေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
မြို့ပေါ်ရှိ ဈေးအချို့တို့တွင် မနက် သုံးနာရီအချိန်တွင် စတင်ရောင်းချလေ့ရှိပြီး ဈေးပြေးသည်တို့သည် မနက်သုံးနာရီအချိန်တွင် ဈေးအတွင်းမှ လိုအပ်သည့်ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူလေ့ရှိကြောင်း ၎င်းက ပြောပြသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ည ၁၀ နာရီမှ မနက် ၄ နာရီအစား ည ၁၂ နာရီမှ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲ သတ်မှတ်လိုက်သည်။
“ညဘက်ဆို အစစ်အဆေးတွေများတယ်၊ တစ်ယောက်တည်း လူပြတ်တဲ့နေရာတွေဆိုရင် ဖမ်းဆီးခံရတာတွေ ရှိတယ်၊ ဒါကြောင့် အပြင်မထွက်ရဲကြတာပါ” ဟု ကလွင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်သည့် အချိန်မှစပြီး ညဘက်တွင် သွားလာသူတို့အား ဖမ်းဆီးပြီး ငွေကျပ်တစ်သိန်း၊ နှစ်သိန်း စသဖြင့်တောင်းသည်မျိုးရှိသလို ထောင်ဒဏ်တစ်လအထိ ချမှတ်ခြင်းများလည်း ရှိကြောင်း မြိတ်တောင်နယ်မြေအတွင်း နေသူအချို့က ပြောပြသည်။
“ထောင်ချတာက မှောင်ရိပ်ခိုမှုနဲ့ ချတာတဲ့” ဟု မြိတ်တောင်နယ်မြေ ရပ်ကွက်တစ်ခုအတွင်း နေသူတစ်ဦးက ပြောသည်။
အောက်တိုဘာလအတွင်း မြိတ်တောင်နယ်မြေတွင် မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးထောင်ချသူဦးရေ ငါးဦးထက်မနည်းရှိနေကြောင်း ၎င်းက ပြောပြသည်။
ညမထွက်ရအချိန် လျှော့ချပေးခဲ့သော်လည်း အများပြည်သူနှင့်ဆိုင်သည့် နေရာတို့တွင် လူငါးဦးနှင့် အထက်စုဝေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကိုမူ တားမြစ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။