BREAKING
January 20, 2025

တောင်ပျောက်တိုက်နယ် လမ်းကြောင်းပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာခက်ခဲ

October 30, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက် လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းကြောင်းပိတ်ဆို့ ကန့်သတ်ထားသဖြင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ‌ဒေသခံအချို့ထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်တွင် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် YTC-PDF တို့ တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် လမ်းကြောင်းပိတ်ဆို့ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

တောင်ပျောက်တိုက်နယ်သည် ထားဝယ်မြို့မှ တောင်ဘက် မိုင် ၅၀ ကျော် အကွာတွင် တည်ရှိပြီး ကျေးရွာဆယ်ရွာ ရှိသည်။ ထားဝယ်-မြိတ်လမ်းမပေါ်ရှိ စုံစင်ကျေးရွာမှ အနောက်ဘက်ကို နာရီဝက်ခန့် ခရီးနှင်ရသည်။

တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီး ကျေးရွာအဝင်၊ အထွက်နှင့် စုံစင်ဖျားရွာအဝင် အထွက်လမ်းပေါက်များတွင် စစ်တပ်က ဂိတ်စခန်းချထားပြီး ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးကာ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားကြောင်း သဲချောင်းကြီး ကျေးရွာအုပ်စု၊ ကျွဲခြံရွာမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“ဆယ်ရွာလုံးကထွက်တဲ့ လမ်းကြောင်းက သဲချောင်းကြီးမှာ ဂိတ်လုပ်ထားတယ်၊ အဲဒါကို သူတို့ ခန့်ထားတဲ့ ရွာသူကြီးမှာ တစ်ဦးချင်း ထောက်ခံစာယူပြီး ထွက်ရတယ်။ သွားလုပ်ရင်းနဲ့လည်း PDF မိသားစုဝင်တွေဆိုရင် ဖမ်းထားလိုက်တာတွေမျိုးရှိတယ်၊ တော်ရုံတန်ရုံလည်း ထွက်လို့မရဘူး၊ ကြောက်ကြေက်လန့်လန့်နဲ့တော့ ထွက်ရတယ်၊ ပြီးရင် ဆန်အိတ်တစ်အိတ် နှစ်အိတ်ကနေလွဲပြီး ပိုသယ်ခွင့်မပြုဘူး၊ အဲလိုဆိုတော့ လူတွေက စားဝတ်နေရေးက တော်တော်လေး ခက်ခဲနေတယ်” ဟု ဒေသခံရွာသားက ဆိုသည်။

တောင်ပျောက်တိုက်နယ်ရှိ ဒေသခံများမှာ နေအိမ်တွင်လည်း မနေရဲ၊ ကွမ်းသီးထွက်ချိန်ဖြစ်သော်လည်း ဥယျာဉ်ခြံအတွင်း မသွားရဲဖြစ်နေကြပြီး ဒေသတွင်းထွက်သည့် ကွမ်းသီးများလည်း ရောင်းချရန်အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် ဥယျာဉ်ခြံလုပ်ငန်းဖြင့် အဓိက အသက်မွေးကြီး ကွမ်းသီးအများအပြား ထွက်ရှိရာ ဒေသလည်းဖြစ်သည်။

စက်တင်ဘာလကုန်ခန့်ကတည်းက လမ်းကြောင်းပိတ်ဆို့ ကန့်သတ်ထားသည်မှာ တစ်လကျော်လာပြီဖြစ်ပြီး ယင်းကာလအတွင်း စားနပ်ရိက္ခာထွက်ဝယ်မည်ဆိုပါက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာရယူကာ တစ်အိမ်လျှင် ဆန်လေးပြည်နှုန်းခန့်သာ ဝယ်ယူ သယ်ဆောင်ခွင့်ပြုထားသည်ဟု သဲချောင်းကြီး ကျေးရွာ အုပ်စုမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျွန်မတို့ဆီမှာ အခြေခံလူတန်းစားတွေပဲ ဆိုတော့ စားနပ်ရိက္ခာအတွက်ကို ရေရှည်အများကြီးစားဖို့အတွက် စုထားတာမရှိဘူး၊ တစ်ဦး၊ တစ်ယောက်တိုင်း မိသားစုတိုင်းလိုလို တော့ အရမ်းကို ခက်ခဲနေတယ်” ဟု ၎င်းက ဆိုသည်။

လမ်းကြောင်းပိတ်ဆို့ထားသည့်အတွက် ကုန်စုံဆိုင်တွင် ရောင်းချသည့် ပစ္စည်းများလည်း ပြတ်လပ်နေပြီး ကုန်ပစ္စည်းသယ်ယူရောင်းချခွင့်ရနေသော တစ်စီးတည်းသော ယာဉ်မှ စားနပ်ရိက္ခာများကို ဈေးကြီးပေး၍ တစ်ဆင့်ပြန်ဝယ်နေရသည်ဟု ဝင်းကဖော်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝယ်ရတာကလေ သဲချောင်းကြီးက ရွာသူကြီး ထောက်ခံစာနဲ့ ထားဝယ်တက်ရတယ်၊ ကားတစ်စီးပဲရတယ်၊ သူတို့ဆီကနေ သွားပြီး ပြန်သွားဝယ်စားရတယ်၊ ဈေးကြီးကြီးနဲ့လည်း ဝယ်စားရတာပေါ့၊ ကျွန်မတို့ကတော့ ထောက်ခံစာသွားမလုပ်ဘူး၊ အရမ်းအရေးကြီးတဲ့ ကိုယ်ဝန်သည်တွေကတော့ သွားလုပ်တယ်၊ သွားလုပ်တယ်ဆိုပေမယ့်လည်းသူတို့ သံသယဝင်တဲ့လူဆိုရင်လည်း ပြန်အဖမ်းခံရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေအထိ တောင်ပျောက်တိုက်နယ်တွင် ဖမ်းဆီးခံရသူ ဒေသခံ တစ်ဆယ်ကျော်ရှိပြီး သုံးဦးမှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် TYC-PDF ဒေါင်းမင်းစစ်ဆင်ရေးတပ်တို့ တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ သို့သော် ယင်းတိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်တပ်ဘက်မှ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ယင်းကြောင့် တောင်ပျောက်တိုက်နယ်တွင်းရှိ PDF များရိက္ခာပြတ်လပ်စေရန်ရည်ရွယ်၍ ဖြတ်လေးဖြတ်ပုံစံ ဖိနှိပ်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်များသည် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ၎င်းတို့ မသင်္ကာသည့် နေအိမ်များ၊ လူများကို ဧည့်စာရင်းစစ်ဆေးခြင်း၊ စစ်ဆေးမေးမြန်းခြင်း တို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များ ခိုအောင်းနေနိုင်သည့် နေရာများကို မှန်းဆကာ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများလည်းရှိသည်ဟု ဒေသခံ အချို့ကဆိုသည်။ ယင်းအပြင် သဲချောင်းကြီး ကျေးရွာရှိ PDF မိသားစုဝင်တစ်ဦး၏ နေအိမ်ဟု သံသယဖြစ်ခံရသော အိမ်တစ်ဆောင်ကို မီးရှို့ခံခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

အထက်ပါ အခြေအနေများကြောင့် ဒေသခံများမှာ နေအိမ်တွင်လည်း မနေရဲ၊ ဥယျာဉ်ခြံတွင်လည်း လွတ်လပ်စွာ သွားလာ လုပ်ကိုင်စားသောက်မရဖြစ်နေပြီး သဲချောင်းကြီး၊ ကျွဲခြံ၊ အလယ်စု၊ ဝင်းကဖော် စသည့်ကျေးရွာမှ စစ်ဘေးရှောင်သူ ၁၀၀၀ ခန့်ရှိနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့ထံမှ ပြောသည်။

တောင်ပျောက်တိုက်နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်ခြားဒေသတွင် တည်ရှိပြီး ခေတ် အဆက်ဆက် စစ်ဘေးဒဏ်သင့်ခဲ့သော ဒေသဖြစ်သည်။