BREAKING
October 16, 2024

စစ်ကောင်စီ၏ သန်းခေါင်စာရင်း‌ကောက်ယူမှုနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်း

September 30, 2024

စစ်ကောင်စီက မနက်ဖြန်စတင် ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် လာမည့်နှစ်တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ ထားဝယ်ခရိုင်တွင် ပြုလုပ်ခဲ့ကြသည်။

ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်ထောင်စု ကားလမ်းမတစ်နေရာတွင် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကားလမ်းမပေါ်တွင် ” စစ်ကောင်စီ သန်းခေါင်စာရင်းကို ‌ဆန့်ကျင်ကြ ၊ အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ” စသည့်စာသားများ ဆေးဖြင့် ရေးသား၍ စာရွက်များကြဲကာ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်း၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ကျေးရွာဈေးတစ်ခုတွင် စစ်ကောင်စီကောက်ယူမည့် သန်းခေါင်စာရင်းကို ဆန့်ကျင်ရန် လူထုအသိပေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

အောက်တိုဘာလ ၁ ရက်ကစ၍ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာထားပြီး ထားဝယ်ခရိုင် အတွင်း ရပ်ကွက်ကျေးရွာများတွင် သန်းခေါင်စာရင်း အချက်အလက်ဖြည့်သွင်းရန် စာရွက်များ အိမ်တိုင်ရာရောက်လိုက်ဝေခြင်းကို စက်တင်ဘာလ နောက်ဆုံးအတွင်း၌ပင် စတင်ပြုလုပ်နေပြီဖြစ်သည်။