BREAKING
October 18, 2024

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီချ

September 30, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်မှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဖမ်းဆီးခံရသည့် မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

စက်တင်ဘာလနောက်ဆုံးအပတ်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့နှစ်ဦးကို ဩဂုတ်လဆန်းပိုင်းလောက်ကတည်းက ဖမ်းသွားတာ။ ဖမ်းပြီးတော့ PDF ကို ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ပုဒ်မတွေတပ် အမှုဖွင့်လိုက်တာ။ ထောင်ဒဏ်ချမှတ်လိုက်တာက ဒီရက်ပိုင်းအတွင်းမှာပဲ” ဟု ၎င်းက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အကျဉ်းချထားသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုများ အထူးတင်းကြပ်ထားပြီး ဖမ်းဆီးမှုလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဆိုကာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ရေးမြို့နယ်တွင်သာမက သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်တွင်လည်း PDF ကို ဆက်သွယ်၊ ထောက်ပံ့သည် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဒေသခံပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေသည်။