BREAKING
January 12, 2025

ပလမြို့နေပြည်သူများ မြိတ်သို့သွားလျှင် ရဲစခန်းထောက်ခံစာပါရမည်ဟု စစ်ကောင်စီတင်းကျပ်

September 30, 2024

ပုလောမြို့နယ်၊ ပလမြို့နေ ပြည်သူများ မြိတ်မြို့သို့ သွားလာပါက ရဲစခန်းထောက်ခံစာ မဖြစ်မ‌နေပါရမည်ဟု စစ်ကောင်စီက တင်းကျပ်ထားကြောင်း ပလမြို့ဒေသခံများက ပြောသည်။

ခရီးသွားထောက်ခံစာပါရမည်ဟု လမ်းခရီးတစ်လျှောက်တွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းထောက်ခံစာ မပါလျှင် စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်နေကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။

ပုလောမြို့နယ် ပလမြို့မှ မြိတ်မြို့အထိ ၄၂ မိုင်ဝန်းကျင် ကွာဝေးပြီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ခြောက်ခုထက် မနည်းရှိသည်။

“မနေ့ကမှ စနေတာလို့ ပြောတယ်။ မသိဘဲခရီးသွားကြတဲ့သူတွေက စကစ ဘုတ်ရွာ စစ်ဆေးရေးဂိတ်က ပေးမဖြတ်တော့ဘဲ အကုန်ပြန်လွှတ်ပြီး ထောက်ခံစာ သွားရေး (ယူ) ခိုင်းတော့ ပြန်လာရေး ကြရတာမျိုးပါ” ဟု အထက်ပါ မြို့ခံက ပြောသည်။

ယခင်က ရန်ကုန်-ထားဝယ်- မြိတ်-ကော့သောင်းခရီးသည်တင်ကားဖြင့် သွားလာသူများသာ ထောက်ခံစာယူ ရပြီး လက်ရှိတွင်မူ ဒေသခံကားနှင့် ဆိုင်ကယ်ဖြင့် သွားလာသူများပါ ရဲစခန်း ထောက်ခံစာလုပ်နေရကြောင်း ၎င်းက ပြောဆိုသည်။

ထောက်ခံစာယူချိန်တွင် ပလမြို့ရဲစခန်း၌ သွားယူရပြီး ထောက်ခံစာတစ်စောင်အတွက် ငွေကျပ် ငါးထောင်တောင်းယူ နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ထောက်ခံစာ၏ သက်တမ်းမှာ ၇ ရက်သာရှိကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ ခရီးသွားထောက်ခံစာလုပ်ရန် တင်းကျပ်လိုက်ခြင်းကြောင့် ဒေသခံများသွားလာရာတွင် အခက်အခဲများစွာ ကြုံလာရနိုင်ကြောင်း ပလမြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သူတို့ (စကစ) ကို စားပေါက်ဖွင့်ပေးလိုက်တယ်လို့ပဲ မြင်တယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ပလမြို့မှ ပုလောမြို့ကိုသွားလာမည်ဆိုပါကလည်း ခရီးသွားထောက်ခံစာ စစ်ဆေးမှုများရှိကြောင်း ဒေသခံအချို့က ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်မတိုင်မီ တစ်ပတ်တာကာလအတွင်း ပလမြို့ရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ခြောက်ကြိမ်တိုင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။