BREAKING
January 12, 2025

ကံပေါက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

September 30, 2024

ဓာတ်ပုံ - Pyaephyomaung(google map)

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ ဂန့်ဂေါ်တောင်ရွာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးတင်မြင့် စက်တင်ဘာ ၂၉ ရက်နေ့ညက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

“ညက သေနတ်သံ ခုနစ်ချက်လောက်ကြားလိုက်ရတယ် ။ လူကြီးမင်း(ရပ်ကွက်လူကြီး) ပစ်ခံရတယ် ။ ပွဲချင်းပြီးသွားတယ်။ ညက ဆေးရုံခဏယူသွားပြီး ရွာပြန်ယူလာပြီ ” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အသက် ၆ဝ ဝန်းကျင်အရွယ် ဦးတင်မြင့် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်း ၊ တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ ၇ တို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၃ဝ ရက် နံနက်တွင် ဝေဟင်တပ်ဖွဲ့ကထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဦးတင်မြင့်သည် သတင်းပေးခြင်း၊ လမ်းပြလုပ်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေ၍ ယခုကဲ့သို့ ရှင်းလင်းလိုက်ရကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီနဲ့ ပူးပေါင်းနေလို့ ရှင်းလင်းလိုက်တာပါ။ ရွာသားတွေနဲ့မသက်ဆိုင်ဘူး ၊ တပ်ဖွဲ့ကလုပ်ကြောင်း သတင်းထုတ်ပြန်ထားတယ်။ ရွာမှာ နောက်ထပ် စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကိုလည်း ထပ်စောင့်ကြည့်နေတာရှိတယ်” ဟု ဝေဟင်တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ဖြူဖွေးကပြောသည်။

ဦးတင်မြင့်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖြစ်ကြောင်း ဒေသခံများကလည်း အတည်ပြုပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ဝ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ကံပေါက်ကျောက်တိုင်လမ်းဆုံနှင့် အုပ်ချုပ်ရေးမှူးရုံးအနီး သီရီမင်္ဂလာလမ်းဆုံများတွင် စစ်ဆေးနေသည်ဟု ဒေသခံများထံကသိရသည်။