BREAKING
January 12, 2025

ဘန်ကောက်အနီး အိမ်အကူအလုပ်ရမည်ဆိုသဖြင့် သွားတွေ့ခဲ့သည့် မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရ

September 30, 2024

ပုံစာ - နိုင်ပန်ယာကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် အိမ်အကူအလုပ်ရမည်ဆိုသဖြင့် သွားရောက်တွေ့ဆုံခဲ့သည့် ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

အသက် ၁၉နှစ်အရွယ် မြန်မာမိန်းကလေးသည် Facebook ပေါ်တွင် အိမ်အကူခေါ်ထားသော ပိုစ့်တစ်ခုကို တွေ့ပြီးနောက် အလုပ်လျှောက်မိခဲ့ကြောင်း ဆိုသည်။

အဆိုပါအလုပ်ခေါ်စာကို ရေးသားထားသူမှာ နိုင်ပန်ယာအမည်ရှိ ထိုင်းနိုင်ငံသားဖြစ်ပြီး အလုပ်ရှင်အဖြစ်ဟန်ဆောင်ထားကာ ၎င်း၏ နေအိမ်တွင် အိမ်အကူလုပ်ရန် ကြော်ငြာထားခြင်းဖြစ်သည်။

အလုပ်နှင့် ပက်သက်၍ မေးမြန်းရာ အိမ်အကူလုပ်ရမည်ဖြစ်ပြီး မီးပူတိုက် အိမ်သန့်ရှင်းရေးလုပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း မြန်မာမိန်းကလေးက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အစမ်းခန့်ကာလတွင် လစာ တစ်လလျှင် ၇၅၀၀ ဘတ်ပေးချေမည်ဖြစ်ပြီး အလုပ်ကျွမ်းကျင်လာပါက ဘတ် ၉၀၀၀ အထိ တိုးပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနောက် မြန်မာမိန်းကလေးကလည်း အိမ်အကူအဖြစ် လုပ်ကိုင်ရန် သဘောတူခဲ့ကြောင်း ထွက်ဆိုထားသည်။

မြန်မာမိန်းကလေး၏ ဆွေမျိုးများကလည်း ထိုင်းနိုင်ငံသားကို ယုံကြည်မိသဖြင့် သူမကို ထိုင်းနိုင်ငံသား ချိန်းဆိုထားခဲ့သော နွန်ထဘူရီခရိုင် ဘန်းဘိုဝါထွန်းလမ်းရှိ ဆိုင်တစ်ဆိုင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလုပ်ရှင်အဖြစ် ဟန်ဆောင်ထားသော ထိုင်းနိုင်ငံသားက ဆိုင်ကယ်ဖြင့် ရောက်လာသောအခါ မြန်မာမိန်းကလေးကို အလုပ်လုပ်ရမည့် အိမ်သို့ ပို့ဆောင်ပေးမည်ဟု ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း လမ်းပိုင်းအရောက်တွင် ထိုင်းနိုင်ငံသားက မြန်မာမိန်းကလေးကို လမ်းဘေးရှိ ဟိုတယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ဟိုတယ်တွင် တစ်ညတာ ယာယီတည်းရမည်ဟု ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

အခန်းထဲရောက်သောအခါ ထိုင်းနိုင်ငံသားက မြန်မာမိန်းကလေး၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးခဲ့ပြီး နှစ်ကြိမ်အထိ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုချက်ကို ဖော်ပြထားသည်။

အဓမ္မပြုကျင့်ပြီးနောက် ထိုင်းနိုင်ငံသားက မြန်မာမိန်းကလေး၏ ဖုန်းကို သိမ်းယူခဲ့ကာ သူမကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လမ်းဘေးတွင် ငိုနေသာ မြန်မာမိန်းကလေးကို ဖြတ်သွားသော တက္ကစီယာဉ်မောင်းတစ်ဦးက မြင်သဖြင့် မေးမြန်းရာ ဘာသာစကားကြောင့် မပြောဆိုနိုင်ကြသဖြင့် အနီးရှိ ဆီဆိုင်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီရယူပြီး အိမ်ပြန်ပို့ပေးခဲ့ကြောင်း ဆိုသည်။

ယင်းနောက် မြန်မာမိန်းကလေးက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း ကျူးလွန်သူနှင့် ပက်သက်၍ သက်သေများစုဆောင်းကာ စက်တင်ဘာလ ၂၇ ရက်နေ့က ဝရမ်းထုတ်ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အတင်းအဓမ္မပြုကျင့်မှု၊ အသက် ၁၅ နှစ်အထက် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အပြုအမူများ လုပ်ဆောင်ခဲ့မှု၊ လိမ်လည်ဖြားယောင်းသွေးဆောင်ခဲ့မှုများဖြင့် ထိုင်းနိုင်ငံသားကို အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားဖြစ်သူက အမှုများကို ငြင်းဆိုထားပြီး လိင်ဝန်ဆောင်မှု ယူခဲ့ခြင်းသာ ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၀၁၄ ခုနှစ်ကလည်း ဖမ်းဆီးခံရသူသည် လာအိုအမျိုးသမီးနှင့် မြန်မာအမျိုးသမီးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိခဲ့ဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအချိန်တွင် ၎င်းသည် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ယခု နောက်ထပ်ကျူးလွန်မှုများ ရှိလာခဲ့သဖြင့် အလားတူ ကျူးလွန်ခံရသူများ ရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Police TV, PPTV, COPS Magazine, One 31