BREAKING
January 12, 2025

ထားဝယ်မြို့သစ်တွင် ဒရုန်းရှာသည်ဟုဆိုပြီး စစ်ကောင်စီတပ်က နေအိမ်များကိုဝင်စစ်

September 30, 2024

ပုံစာ - ထားဝယ်မြို့ ကမြောကင်းတံတား အနီးတွေ့ရသည့် စစ်ကောင်စီတပ်သားများ (အာဏာသိမ်းပြီးကာလ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်)

ထားဝယ်မြို့ သစ် (၃) လမ်းနှင့် (၈) လမ်းတို့တွင် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့က စစ်ကောင်စီ တပ်သားများ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၈ ရက်ည ၇ နာရီတွင် မြို့သစ် (၃) လမ်းရှိ လမ်းသွယ် ၂ ခုတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် DC ကား ဆယ်စီးရောက်ရှိကာ ရပ်ကွက်အတွင်း တစ်ညလုံး ကင်းလှည့်နေကြောင်း မျက်မြင်တွေ့ရှိရသူတစ်ဦးက ဆိုသည်။

“ရပ်ကွက်ထဲလှည့်သွားနေတယ်၊ ဟိုတစ်စု ဒီတစ်စုနဲ့။ လမ်းမှာလည်း လမ်းသွားလမ်းလာတွေကို (စစ်ကောင်စီ တပ်သားတွေက) မေးသေးတယ်။ ဒရုန်းပျံသွားတာမြင်လား၊ ဒရုန်းက ဒီ (၃) လမ်းနားမှာ ပျောက်သွားတာ၊ တွေ့ရင် ပြောပေးလို့ ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မြို့သစ် (၃) လမ်းနှင့် (၈) လမ်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

“သတင်းရပြီး ဝင်စစ်တာမျိုးမဟုတ်ဘူး။ အထပ်မြင့်တဲ့အိမ်တွေ၊ ပြီးတော့ ခေါင်းမိုးမတပ်ဘဲ အင်္ဂတေ (ကွန်ကရစ်) အမိုးလုပ်ထားတဲ့ အိမ်တွေကို အပေါ်ထပ်အထိ တက်ပြီးရှာကြတယ်။ ဒရုန်းရှာတယ်ပဲ ပြောတယ်” ဟု ၎င်းက ပြောသည်။

ရပ်ကွက်နေပြည်သူများကမူ စက်တင်ဘာလ ၂၈ ရက်က ထားဝယ်မြို့သစ်တွင် ဒရုန်းပျံဝဲသည်ကို မမြင်တွေ့ကြကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီတပ် စစ်ဆေးမှုတွင် အဖမ်းခံရသူ မရှိဟု သိရကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ရှာဖွေပြီးနောက် စက်တင်ဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်သား ပြန်သွားကြောင်း ရပ်ကွက်နေသူတို့ကထံမှ သိရသည်။

ထားဝယ်မြို့သစ်တွင် တိုင်းလွှတ်တော်၊ ဝန်ကြီးအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများတည်ရှိပြီး ၂၀၂၃ ခုနှစ်က ဝန်ကြီးအိမ်ရာဝင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။