BREAKING
January 12, 2025

ရေကြီးမြေပြိုမှုကြောင့် နီပေါတွင် လူ ၁၅၀ ကျော် သေဆုံး

September 30, 2024

ဓာတ်ပုံ - Getty image

ကြီးမားပြင်းထန်သည့် ရေကြီးမြေပြိုမှုများကြောင့် နီပေါနိုင်ငံအနှံ့တွင် လူ ၁၇၀ ကျော် သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တနင်္ဂနွေနေ့အထိ ကိန်းဂဏန်းများအရ အနည်းဆုံး လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော်ခတ္တမန္ဒူနှင့် အနီးတဝိုက် ချိုင့်ဝှမ်းဒေသတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

လူပေါင်း ၃၆၀၀ ကျော်အား ကယ်ဆယ်ရွှေ့ပြောင်းထားရသည်။

အချိန်တိုအတွင်း မြန်ဆန်စွာ မြင့်တက်လာသည့် ရေတွေကြောင့် ထောင်နှင့်ချီသော နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရသည်။ လူတွေ အိမ်ခေါင်မိုးများပေါ်မှ ခုန်ကျော်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဟယ်လီကော်ပတာနှင့် လေထိုးသွင်းရသည့် လှေငယ်များ အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အင်္ဂါနေ့အထိ မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားသော်လည်း တနင်္ဂနွေနေ့တွင် မိုးရွာသွန်းမှုကျဆင်းသွားသည့် လက္ခဏာများ တွေ့ခဲ့ရသည်။

ရွှံနွံများ ဖုံးအုပ်ထားသည့် နေအိမ်များထဲ ဒေသခံအချို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်။ ကျေးရွာနှင့် မြို့များကို ဆက်သွက်သည့်လမ်းများ ပိတ်ဆို့နေ၍ နေရပ်မပြန်နိုင် ၊ ပိတ်မိလျက်ရှိသူ ဒေသခံများလည်း ရှိသည်။

ရုတ်တရက်မြင့်တက်လာသည့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ဆက်လက်တိုးပွားလျက်ရှိသည်။

ခတ္တမန္ဒူမြို့အနီးရှိ ဟိုက်ဝေးလမ်းမပေါ်တွင် မြေပိခံထားရသည့် မော်တော်ကားများထဲမှ သေဆုံးရုပ်အလောင်း ၃၅ လောင်းကျော်ကို သယ်ထုတ်ထားရကြောင်း အာဏာပိုင်များက ပြောသည်။ မြေပြိုမှုများကြောင့် ခတ္တမန္ဒူမြို့နှင့် နိုင်ငံတလွှားကို ဆက်သွယ်ထားသည့် ကားလမ်းများ နေရာအတော်များများတွင် ပိတ်နေသည်။

ဘာခ်တာပူရ်မြို့တွင် အိမ်တစ်ဆောင်ပေါ် မြေပိကျမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် ကြေညာသည်။ မတ်ခ်ဝမ်ပူရ်ဒေသတွင်လည်း မြေပြိုမှုကြောင့် ဘောလုံးသမား ၆ ဦး သေဆုံးခဲ့သည်။

အခြားလူတော်တော်များလည်း ရေထဲ မျောပါသေဆုံးခဲ့သည်။ နက္ခူမြစ်ရေ ရုတ်တရက်လျှံတက်လာမှုကြောင့် လူလေးဦး ရေထဲ မျောပါသွားပြီး နာရီပေါင်းများစွာ အော်ဟစ်အကူအညီတောင်းနေခဲ့သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

ယခုနှစ်ရေလွှမ်းမိုးမှုပမာဏသည် ယခင်ကထက် ပိုကြီးမားပြင်းထန်လွန်းသည်ဟု ဒေသခံတစ်ဦးက မှတ်ချက်ချသည်။

“နောက်ဆုံးအခေါက် ရေကြီးတုန်းက ကျွန်တော်တို့ ပြေးရသေးတာပဲ။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် ဒီတခါတော့ အိမ်တွေအားလုံး ရေမြုပ်သွားတယ်”

“ရေမျက်နှာပြင် မြင့်တက်လာတာနဲ့ ကျွန်တော်တို့ အိမ်ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးခဲ့ရတယ်။ အိမ်ခေါင်မိုးတစ်ခုနဲ့တစ်ခုကနေ ခုန်ကျော်ပြီး ပြေးခဲ့ရတာဗျာ”

ရေကြီးမြေပြိုမှုများကြောင့် ရေပိုက်လိုင်းများ ၊ တယ်လီဖုန်းလိုင်းများနှင့် လျှပ်စစ်ဝါယာလိုင်းများ ထိခိုက်ပျက်စီးခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ ၊ စစ်တပ်နှင့် စေတနာ့ဝန်ထမ်းများကို စုစည်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင် မီဒီယာက ကြေညာသည်။

ခတ္တမန္ဒူချိုင့်ဝှမ်းဒေသတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာမှု မပြုရန်၊ ညဘက်၌ ကား ၊ ဆိုင်ကယ် မောင်းနှင်သွားလာခြင်း မပြုရန် အစိုးရက တိုက်တွန်းထားသည်။ သောကြာနေ့နှင့် စနေနေ့တို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ်တော်တော်များများ ရွေ့ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းခဲ့ရသည်။

မုတ်သုန်ရာသီတွင် နီပေါနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိသည်။

သို့သော် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုကဲ့သို့ မိုးရေချိန်အဆမတန်ရွာသွန်းမှုများမှာ ယခင်ကထက် ပိုမိုလွန်ကဲပြင်းထန်လာနေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

ပိုပူနွေးလာသော လေထုထဲတွင် စိုထိုင်းဆလည်း ပိုများလာလေ့ရှိသည်။ ယင်းကြောင့် မုန်တိုင်းများမှာ ပိုအားကောင်းလာပြီး ခန့်မှန်းရပိုခက်လာသည်။

Ref: BBC