BREAKING
September 16, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 30, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

ဘင်္ဂလားဒေရှ့်မှာ လူပေါင်း သန်းချီ ရေဘေးသင့်

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရေကြီးမှုကြောင့် လူပေါင်း ၅ သန်းခန့် ရေဘေးဒုက္ခရောက်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေကြီးမှုကြောင့် သေဆုံးသူ ၁၈ ဦးထက်မနည်းရှိခဲ့တာပါ။

တစ်နိုင်ငံလုံးမှာရှိတဲ့ ခရိုင် ၁၁ ခုမှာ ရေကြီးတဲ့ဒဏ်ခံနေရတယ်လို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ် ကူညီရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရေဘေးကြောင့် လူသိန်းပေါင်းများစွာကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတာပါ။

ဒေသတစ်ချို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေ ပြတ်တောက်နေတဲ့အတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Ref: CNN

………………………………..

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ခန့်က အစုလိုက်သတ်ဖြတ်မှုအတွက် ထိုင်းအရာရှိတွေ တရားစွဲခံရ

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က ဆန္ဒပြမှုတစ်ခုကြောင့် မွတ်စလင်ဘာသာဝင် ၈၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရာရှိ ၇ ဦးကို ထိုင်းတရားရုံးက တရားစွဲဆိုလိုက်ပါတယ်။

သူတို့ကို လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ တရားစွဲဆိုထားတာပါ။

၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က မွတ်စလင်နဲ့ မလေးရှားတိုင်းရင်းသား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းက နရာသီဝပ်ခရိုင် တာ့ဘိုင်ဒေသမှာ ဖြစ်ခဲ့တာပါ။ 

ဥပဒေအရ အနှစ် ၂၀ ကျော်ရင် တရားစွဲဆိုခွင့် မရှိတော့တဲ့အတွက် လာမယ့် အောက်တိုဘာ လကုန်မတိုင်မီ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး ဆန္ဒပြသူတွေကို စစ်သားနဲ့ ရဲတွေက လူစုခွဲရာကနေ ၇ ဦးကို ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။

နောက်ထပ် ဆန္ဒပြသူတွေကိုလည်း စစ်တပ်စခန်းရှိရာကို ထရပ်ကားတွေနဲ့ စုပြုံ တင်ဆောင်သွားရာကနေ နာရီ အတော်ကြာ မောင်းရတဲ့ လမ်းမှာ နောက်ထပ် ၇၈ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Ref: Benar News

………………………………..

ဂျာမနီမှာ ဓါးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံအနောက်ပိုင်း ဆွန်လင်ဂန်မြို့မှာ ဩဂုတ်လ ၂၃ ရက်နေ့ ညက ဓါးဖြင့် တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြို့ရဲ့ နှစ်ပေါင်း ၆၅၀ သမိုင်းကြောင်း အထိမ်းအမှတ်ပွဲတော်အဖြစ် ဈေးထဲမှာ ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုမှာ မသင်္ကာသူအဖြစ် အသက် ၂၆ နှစ်အရွယ် ဆီးရီးယားအမျိုးသားကို ဖမ်းဆီးရမိထားတယ်လို့ အာဏာပိုင်တွေက ဩဂုတ်လ ၂၅ ရက်နေ့မှာ ကြေညာပါတယ်။

သူကကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး တိုက်ခိုက်မှု ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထားသူနဲ့ ပါဝင်ပက်သက်နေသူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဟစ်ဘိုလာနေရာတွေကို အစ္စရေးက တိုက်လေယာဉ်ဖြင့် တိုက်ခိုက်

လက်ဘနွန်တောင်ပိုင်းက ဟစ်ဘိုလာရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းယာဉ်တွေပြင်ဆင်ထားတဲ့ နေရာပေါင်း ၄၀ ကျော်ကို တိုက်လေယာဉ်ပေါင်း ၁၀၀ လောက်နဲ့ ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

အစ္စရေးပိုင်နက်ထဲကို ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မယ်လို့ သတင်းရထားလို့ ကြိုတင်တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဘက်က ပြောကြားလိုက်တာပါ။

အဲဒီနောက်တော့ ဟစ်ဘိုလာဘက်က အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေ ဒရုန်းယာဉ်ပေါင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောကြားခဲ့ပါတယ်။

ဒုံးကျည်နဲ့ ဒရုန်း ၃၀၀ ကျော်နဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဘိုလာတို့ဘက်ကလည်း ကြေညာထားပါတယ်။

ဟစ်ဘိုလာအုပ်စုကို အကြမ်းဖက်အဖွဲ့လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားပါတယ်။

Ref: mint

………………………………..

တယ်လီဂရမ်တည်ထောင်သူ ပြစ်သစ်မှာ ဖမ်းဆီးခံရ

တယ်လီဂရမ်တည်ထောင်သူ Pavel Durov ကို ဩဂုတ်လ ၂၄ ရက်နေ့ ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့အပြင်ဘက် လေဆိပ်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

အဇာဘိုင်ဂျန်ကနေ ပျံသန်းလာတဲ့ ကိုယ်ပိုင်လေယာဉ်တစ်စင်းကို ပဲရစ်မြို့အပြင်ဘက်က Le Bourget လေဆိပ်မှာ ဆင်းသက်တဲ့အချိန် ဖမ်းဆီးခဲ့တာပါ။

ပြင်သစ် နဲ့ UAE နိုင်ငံသားခံယူထားတဲ့ ဘီလီယံနာ သူဌေးကြီး Pavel Durov က ဒူဘိုင်းမှာ နေထိုင်ပြီး တယ်လီဂရမ်ကို တည်ထောင်ထားတာဖြစ်ပါတယ်။

တယ်ရီဂရမ်ကနေ တစ်ဆင့် ရာဇဝတ်မှု ကျူးလွန်တာတွေကို ထိန်းချုပ်ခြင်း မရှိလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Ref: Aljazeera

………………………………..

ပိုင်နက်ကျူးကျော်လာတဲ့ တရုတ်စစ်လေယာဉ်ကို ဂျပန်သတိပေး

ဂျပန်လေပိုင်နက်ထဲ ဩဂုတ်လ ၂၆ ရက်နေ့က ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစ်စင်းကို ဂျပန်တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

နာဂါဆာကီစီရင်စုထဲက ဒန်းဂျိုကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်က ကျူးကျော် ဝင်ရောက်လာတာပါ။

အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် တိုက်လေယာဥ်တွေကို စေလွှတ်ခဲ့ရတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ထောက်လှမ်းရေးလေယာဥ်က ဂျပန်လေပိုင်နက်ထဲကို ဝင်ရောက်လာပြီး ၂ မိနစ်လောက် ပျံသန်းသွားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါဟာ ဂျပန်လေပိုင်နက်အတွင်း တရုတ်စစ်လေယာဥ်ပထမဆုံးကျူးကျော်ဝင်ရောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

ရုရှားနယ်မြေ ၁၃၀၀ စတုရန်းကီလိုမီတာနီးပါး ထိန်းချုပ်ထားနိုင်လို့ ယူကရိန်းကြေညာ

ရုရှားနိုင်ငံ ကာစ့်ဒေသရဲ့ ၁၃၀၀ စတုရန်းကီလိုမီတာနီးပါးကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါအပြင် ရုရှားတပ်သား ၆၀၀ ခန့်ကိုလည်း အကျဥ်းသားအနေနဲ့ ဖမ်းဆီးထားတယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့က ကြေညာခဲ့တာပါ။

ယူကရိန်းမြို့တော်ကို ရုရှားက လေကြောင်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်ဖို့ တာဝေးပစ် လက်နက်အသစ်တစ်မျိုးကို မကြာခင်မှာ အသုံးပြုတိုက်ခိုက်မယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဘက်က ပြောကြားခဲ့ပါတယ်။

ဒီလက်နက်သစ်ကို‌တော့ ယူကရိန်းမှာ ထုတ်လုပ်ထားတာပါ။

ဒီလက်နက်အသစ်က ကီလိုမီတာ ၇၀၀၊ မိုင် ၄၃၀ အထိ ပစ်ခတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: DW

………………………………..

ဂျပန်နိုင်ငံကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်

 ဂျပန်နိုင်ငံတောင်ပိုင်းကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း Shanshan တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ပါတယ်။

တိုင်ဖွန်း Shanshan ဟာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျူရှူးကျွန်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့တာပါ။

တိုင်ဖွန်းမုန်တိုင်းရဲ့ လေတိုက်နှုန်းက တစ်နာရီ ၁၅၈ မိုင်နှုန်းအထိ ပြင်းထန်ခဲ့ပြီး လူပေါင်း ၉၉ ဦး အထိ ဒဏ်ရာရရှိခဲ့ပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်တဲ့ ဒေသရဲ့ ဒေသခံ ၃၀၀၀၀ ကျော် ကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။

မုန်တိုင်းကြောင့် လေယာဉ် ခရီးစဉ်တွေနဲ့ ရထားပြေးဆွဲမှုတွေလည်း ရပ်ဆိုင်းထားပါတယ်။

Ref: ABC News

………………………………..

F-16 တိုက်လေယဉ်တစ်စင်းပျက်ကျခဲ့လို့ ယူကရိန်းထုတ်ပြန်

F-16 ဂျက်တိုက်လေယာဉ်တွေထဲကတစ်စင်း ပျက်ကျသွားခဲ့တယ်လို့ ယူကရိန်းလေတပ်က ဩဂုတ်လ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှားဘက်က မစ်ဇိုင်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ပျက်ကျခဲ့တာပါ။

ဒါဟာ ယူကရိန်းမှာ F-16 တိုက်လေယာဉ်တစ်စင်း ဆုံးရှုံးခဲ့တာကို ပထမဆုံးထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်တွေကို NATO အဖွဲ့ကနေ ယူကရိန်းကို ပေးထားတာဖြစ်ပါတယ်။

တိုက်လေယာဉ်ပျက်ကျမှုအတွက် စုံစမ်း စစ်ဆေးနေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

Ref: BBC

………………………………..

အမေရိကန်မှာ အသက် ၉၀ နှစ်ပြည့် မွေးနေ့ရှင် အမျိုးသမီးက ကောင်းကင်ပေါ်က ဒိုင်ဗင်ထိုး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့အသက် ၉၀ ပြည့်မွေးနေ့ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းကင်ဒိုင်ဗင်ထိုးပြီးတော့ ဆင်နွှဲခဲ့ပါတယ်။

ရှီအာလေ တူတာဆိုတဲ့ အဖွား က ပရော်ဖက်ရှင်နယ် ကောင်းကင်ဒိုင်ဗင်သမားတစ်ဦးနဲ့အတူ ဩဂုတ်လ ၁၆ ရက်နေ့က ဒိုင်ဗင်ထိုးခဲ့တာပါ။

ဒါဟာ ပျော်စရာကောင်းတယ်လေ။ နောက်ထပ် လမ်းမလျှောက်နိုင်လောက်အောင် ကောင်းတယ်လို့ သူမက မြေပြင်ပြန်ရောက်တဲ့အချိန် ရယ်မောစနောက်ကာ ပြောဆိုခဲ့ပါတယ်။ 

သူမဟာ ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့သူဖြစ်ပြီး သတ္တိရှိတဲ့အမျိုးသမီးလည်းဖြစ်တယ်လို့ သားဖြစ်သူက ဆိုပါတယ်။

Ref: ABC News

………………………………..