BREAKING
January 13, 2025

ရေဖြူ၊ ကျောက်ဆိပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကြပ်တစ်ဦးကို လက်နက်နှင့်တကွဖမ်းမိ

August 30, 2024

ဓာတ်ပုံ - YPPDF

ရေဖြူမြို့နယ် ၊ ညင်းထွေးအုပ်စု ၊ ကျောက်ဆိပ်ကုန်းရွာ ဘုရားတောင်ကုန်းအနီး ဩဂုတ်လ ၂၈ ရက် နံနက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ကြပ်တစ်ဦးကို လက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာဘက်မှ ကျောက်ဆိပ်ကုန်းရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ၊ ကျားသစ်နက် ၊ သာဂရစစ်ကြောင်း ပူးပေါင်းမဟာမိတ်တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ကြခြင်းဖြစ်သည်။

သာဂရစစ်ကြောင်းတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်နှင့် ပကဖ အဖွဲ့များဖြစ်သော ဧဒင်မှူး၊ DGRF နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ထားကြသည်။

“စစ်ကောင်စီစစ်ကြောင်းက ရွာစဉ်ပတ်ပြီးသွားနေတယ် ။ တိုက်ပွဲကတော့ ကျောက်ဆိပ်ကုန်း ဘုရားတောင်မှာ ညအိပ်နားတုန်း သွားတိုက်တာ။ အရှင်ကတစ်ယောက်ပဲ မိတယ်။ လက်နက်လည်း သူ့ဆီကပဲရတယ် ။ သေတဲ့တစ်ဆယ်‌ကျော် မှာ လက်နက်က ချက်ချင်းပြန်ကောက်သွားကြလို့ လက်နက်ထပ်မရဘူး ။ တိုက်ပွဲ အပြီး မောင်မယ်ရှောင်ဘက်ပြန်ဆုတ်သွားတယ်။ ဒီဘက်ကတော့အထိအခိုက်မရှိခဲ့ဘူး “ ဟု သာဂရစစ်ကြောင်း တွင် ပါဝင်သည့် DGRF တပ်ဖွဲ့တာဝန်ခံကပြောသည်။

အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်ကြပ်သည် စကခ ၈ လက်အောက်ခံ သရက်ချောင်းအခြေစိုက် ခမရ ၄ဝ၅ မှ တပ်ကြပ်ကြီးစာရေးဖြစ်သည်ဟု DGRF တာဝန်ခံထံမှသိရပြီး ယင်းစစ်ကောင်စီတပ်သားထံမှ MA 4 သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည်ဟု မဟာမိတ်တပ်များက ဓာတ်ပုံမှတ်တမ်းဖြင့် ထုတ်ပြန်သည်။

ဩဂုတ်လ ၂၈ ရက်က ဖြစ်ခဲ့သည့် ကျောက်ဆိပ်ကုန်း တိုက်ပွဲအတွင်း သက်ကြီးပိုင်း အရပ်သားအမျိုးသမီးတစ်ဦးလည်း ခြေတောက်တွင် ကျည်ဆန်ထိမှန်ခဲ့သေးကြောင်း ဒေသခံတို့ကဆိုသည်။

ဩဂုတ်လ အတွင်း ရေး – ထားဝယ်ကားလမ်းပိုင်း ရေဖြူ-ထားဝယ်အပိုင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်အင်အားစုများအကြား ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်းရှိခဲ့သည်ဟု တော်လှန်တပ်ဖွဲ့များ၏ မှတ်တမ်းများအရသိရသည်။