BREAKING
September 14, 2024

ရေးနှင့် သံဖြူဇရပ်တွင် စစ်ကောင်စီတပ် ဆက်တိုက်တိုက်ခိုက်ခံနေရ

August 30, 2024

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုလည်း များပြားကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းက ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ (NMSP-AD)၊ YPDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။

NMSP-AD ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “မနေ့က ကွမ်ကျိုက်ရွာ တစ်ပလ္လင်သုံးဆူဘုရားမှာ တပ်စွဲထားတဲ့ စကစကို ကျွန်တော်တို့ ပူးပေါင်တပ်ဖွဲ့တွေက ဝင်တိုက်တာ တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ်။ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေတယ်လို့တော့ သတင်းရထားတယ်။ အဲဘက်မှာ စစ်တပ်တွေ အင်အားတိုးချဲ့လာနေတဲ့အတွက် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ်က သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးကျေးရွာနှင့် ဝဲတော်ရွာသင်္ချိုင်းကြားတွင် လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို တောင်ညိုစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်ရင်း (၂၇) ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်ကလည်း ရေးမြို့နယ်၊ နှစ်ကရင်လမ်းဝအနီးတွင် စစ်ဆေးမှုပြုလုပ်နေသည့် အမြောက်တပ် ၃၁၇ ကို တောင်ညိုစစ်ကြောင်းနှင့် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့က ဒရုန်း၊ ၆၀ mm ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရဲတံခွန်ရွာသစ် တောင်ပေါက်ဘုန်းကြီးကျောင်းအနီး ခေတ္တစခန်းချထားသည့် စစ်ကောင်စီ ရွေ့လျားစစ်ကြောင်းနှင့် ရဲတံခွန်ရွာသစ်မှ ရဲတံခွန်ရွာဘက်သို့ ဝင်လာသည့်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တောင်ညိုစစ်ကြောင်းနှင့် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့ ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးတွင်ရှိနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၁၈ ရက်မှ ၂၉ ရက်ထိ ရေးနှင့် သံဖြူဇရပ်တွင် တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ နီးပါး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။