BREAKING
January 14, 2025

လောင်းလုံး ထိန်တွင်းရွာကို စစ်ကောင်စီတပ် ကုန်းကြောင်း ရေကြောင်းဖြင့် နှစ်ဖက်ပိတ်ပြီးဝင်ရှာ

August 30, 2024

လောင်းလုံးမြို့နယ်၊ ထိန်တွင်းရွာကို စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ပိတ်ကာ ဝင်ရောက်ရှာဖွေကြောင်း ဒေသခံများက ပြောသည်။

ခမောင်းတောင်ရွာဘက်မှ ကုန်းကြောင်းအတိုင်းဝင်လာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် ရေလမ်းက ထားဝယ်မြစ်ကြောင်း အတိုင်းလာသည့်စစ်ကြောင်းတို့ဖြင့် နှစ်ဖက်ပိတ်ဆိုရှာဖွေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရွာထဲကလူတွေက အကုန်ပိတ်မိနေကြတယ်။ ဘယ်မှ ထွက်မရဘူး” ဟု ဒေသခံတစ်ဦးက ဩဂုတ်လ ၂၉ရက် ညအခြေအနေကို ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ထိန်တွင်းရွာတွင် ညအိပ်စခန်းချပြီး ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်းတွင် ထိန်းတွင်းရွာမှ ပြန်လည်ထွက်ခွာသွားကြောင်းဒေသခံများထံမှ သိရသည်။

ထိန်တွင်းရွာက အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ကမ်းနံဘေးတွင် ရှိသည့် လှေငယ်နှစ်စင်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“လှေတစ်စီးကို ခုတ်ဖျက်ခဲ့တယ်။ နောက်တစ်စီးက မီးရှို့ခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၈ရက်က ခလရ ၁၀၄အနီးတွင် တပ်မိသားစု၏ ကျောင်းအကြိုပို့ကားအတွက် လမ်းကင်းယူပေးသည့် စစ်ကောင်စီ တပ်သားသုံးဦးကို ဗထူးတပ်မတော် (BAH) က ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းမှာ စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်၊ ထိန်တွင်းရွာများသို့ ထိုးနေခြင်းဖြစ်သည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင် စခန်းကြီးရွာသား ၁၀ ဦးခန့်ကို ဖမ်းဆီးကာ အများစုကို ပြန်လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထိန်တွင်း ရွာသားတစ်ဦးအပါအဝင် ဖမ်းဆီးထားသူ လေးဦးထက်မနည်းကို စစ်ကြောင်းနှင့်အတူ တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးထားသူများအနက် အမျိုးသားတစ်ဦးကို ထိန်တွင်းရွာတွင် လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“(ဆက်ပြီးဖမ်းခေါ်သွားတာ ထိန်တွင်းရွာသားအပါအဝင်) သုံးလေး ယောက်ရှိတယ် ဖမ်းထားတာ။ တစ်ယောက်က ရိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်” ဟု ၎င်းဒေသခံကပြောသည်။

ဩဂုတ်လ ၃၀ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ထိန်တွင်းရွာဘက်မှ ထွက်လာသည့်စစ်ကြောင်းနှင့် PDF အဖွဲ့တို့ လောင်းလုံး မြို့နယ် မြို့ဟောင်းကျေးရွာ၏အနောက်ဘက်တွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“(လက်နက်) အကြီးရော၊ အသေးတွေရော ပစ်သံကြားတယ်။ မြို့ဟောင်းရွာ အနောက်နားက” ဟု ဒေသခံက ပြောသည်။

စစ်ကြောင်စီတပ်သည် လောင်းလုံးမြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကြောင်းနှစ်ကြောင်း ထိုးနေသည်။ ကျောက်ဆင်၊ သဘော့ဆိပ် ပြင်ကြီး ရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်၊ ထိန်တွင်းရွာမှ ယနေ့ မြို့ဟောင်းရွာဘက်သို့တစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေး‌တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။